မိုးနဲမြို့အခြေစိုက် အမြောက်တပ်မှ တပ်သား (၂)ဦး စစ်အာဏာရှင်လက်အောက်ကထွက်၍ CDM ပြုလုပ်

မိုးနဲမြို့အခြေစိုက် အမြောက်တပ်မှ တပ်သား (၂)ဦး စစ်အာဏာရှင်လက်အောက်ကထွက်၍ CDM ပြုလုပ်
ဖေဖော်ဝါရီ 9, 2022 | ရှမ်းတောင်

အာဏာသိမ်းစစ်ကောင်စီတပ်၏ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ရှမ်းပြည်တောင်ပိုင်း မိုးနဲမြို့ရှိ အမှတ်(၃၆၃)အမြောက်တပ်မှ တပ်သားနှစ်ဦးသည် ပြည်သူ့ပန်းတိုင်နှင့် ချိတ်ဆက်ပြီး စစ်အာဏာရှင်လက်အောက်မှထွက်ကာ CDM ပြုလုပ်လာကြောင်း ပြည်သူ့ပန်းတိုင် က ဖေဖော်ဝါရီလ(၉)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။ 

စကစရဲ့ လက်အောက်မှာ ကျွန်တော်တို့ ဘယ်လိုမှ မနေနိုင်တော့ဘူး။ အရင်ကတည်းက ကျွန်တော်တို့နှစ်ယောက် ပြည်သူ့ဘက်ကူးပြောင်းရပ်တည်ဖို့အတွက် နည်းလမ်းပေါင်းစုံ ကြံစည်နေတာ။ အခု အခြေအနေတစ်ခုပေးလာတော့ ကျွန်တော်တို့ ရအောင်ကြိုးစားပြီး ထွက်ခဲ့ရတာပဲ။

ဟု CDM လုပ်လာသည့် တပ်သားတစ်ဦးက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီ လက်အောက်ရှိ တပ်ဖွဲ့များကို အပြင်ထွက်သွားလာခွင့်၊ မိဘအိမ်ပြန်ခွင့်တို့ ပိတ်ထားသည့်အပြင် လစာငွေကိုလည်း ဘဏ်စုငွေအဖြစ် ပြန်သွင်းခိုင်းထားရာ အဆိုပါဘဏ်စုငွေကိုလည်း ထုတ်ခွင့်မရကြကြောင်း CDM တပ်သားများက ပြောသည်။

ကျွန်တော်တို့တပ်က ရှမ်းပြည်ဘက်က တပ်တစ်ခုဖြစ်တယ်။ အုတ်တွင်းဘက်မှာ စုဖွဲ့မှုလာလုပ်ရတာ။ အထက်က ကျွန်တော်တို့ကို ဘယ်ကိုသွားရမယ်၊ ဘာလုပ်ရမယ်ဆိုတာ ဘာမှပြောမထားဘူး။ အခု ကျွန်တော်တို့ ပြည်သူ့ပန်းတိုင်ရဲ့ အချိတ်အဆက်အကူညီတွေနဲ့ လွတ်မြောက်နယ်မြေတစ်ခုကို ရောက်ရှိနေပါပြီ။

ဟု ၎င်းက ဆိုသည်။

ပြည်သူ့ပန်းတိုင်အဖွဲ့သည် ယခင်ပြည်သူ့စစ်သား - People’s Soldiers အဖွဲ့တွင် ပါဝင်ခဲ့သည့် ပြည်သူများ၏ ဦးဆောင်မှုဖြင့် ပြည်သူ့အခြေပြု အဖွဲ့အစည်းအဖြစ် ပြောင်းလဲဖွဲ့စည်းထားခြင်းဖြစ်သည်။