စိုက်ပျိုးရေးသိပ္ပံထားဝယ်မှ ကျောင်းအုပ်ကြီးအပါအဝင် ၇ဦးအား လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ထားဟုဆို

စိုက်ပျိုးရေးသိပ္ပံထားဝယ်မှ ကျောင်းအုပ်ကြီးအပါအဝင် ၇ဦးအား လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ထားဟုဆို

တနင်္သာရီတိုင်း လောင်းလုံမြို့နယ်ရှိ စိုက်ပျိုးရေးသိပ္ပံ(ထားဝယ်)မှ ကျောင်းအုပ်ကြီးအပါအဝင် (၇)ဦးအား လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ထားကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ (၂၇)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

လောင်းလုံးမြို့နယ်အတွင်းရှိ Non CDM ဝန်ထမ်းများ၏ လုပ်ရပ်များကို ရပ်တန့်ရန် ၂၀၂၃ခုနှစ် ဇွန်လ (၆)ရက်နေ့က သတိပေးထုတ်ပြန်ထားသော်လည်း လောင်းလုံးမြို့နယ်ရှိ စိုက်ပျိုးရေးသိပ္ပံ (ထားဝယ်)သည် ဇူလိုင်လ (၂၀)ရက်နေ့အထိ ဖွင့်လှစ်‌ထားသောကြောင့် ကျောင်းအုပ်ကြီးနှင့် ဆွေးနွေးရန် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သွားရောက်ခဲ့သည်ဟု ဆိုသည်။

ကျောင်းဝန်းအတွင်း‌သို့အရောက် ကျောင်းသူ၊ ကျောင်းသား (၆၀)ဦးခန့်သည် ထွက်ပြေးကြသဖြင့် မပြေးရန်လိုက်လံတားမြစ်ပြီး တုတ်ဖြင့် (၂)ချက်စီရိုက်၍ အပြစ်ပေးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ထို့နောက် ကျောင်းအုပ်ဆရာကြီး၊ ဆရာ၊ ဆရာမတို့နှင့် ဆွေးနွေးခဲ့ကြပြီး ပူးပေါင်းလိုကြောင်း ဆွေးနွေးမှုရရှိသည့်အပြင် ကျောင်းသား၊ ကျောင်းသူများကလည်း ၎င်းတို့ဆန္ဒသဘောကျ စစ်ကျွန်ပညာရေးအလိုမရှိကြောင်း ကျောင်းဝန်းအတွင်း ဆန္ဒထုတ်ဖော်ခဲ့သည်ဟု ဆိုသည်။

အတူပူးပေါင်းလိုက်သော ကျောင်းအုပ်ဆရာကြီး ဇနီးမောင်နှံနှင့် ၎င်းတို့၏သား မောင်အောင်ဟိန်းခန့်အပါအဝင် ဆရာ၊ ဆရာမ (၄)ဦးဖြစ်သည့် ဦးခင်မောင်ထွေး(ဒုကျောင်းအုပ်)၊ ဒေါ်သန္တာအေး (လက်ထောက် ကထိက)၊ ဦးနေဆန်း(ကွင်းဆင်း လက်ထောက်)၊ ဒေါ်ဖြူဖြူသန့်(ကွင်းဆင်း လက်ထောက်)တို့ကို လုံခြုံသောနေရာပို့ရန် ကောင်းမွန်စွာ ခေါ်ဆောင်ခဲ့သည်ဟု သိရသည်။

ထို့နောက် စစ်ကောင်စီတပ်သည် သာလွန်အင်အားဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာခြင်းကြောင့် နေရပ်ပြန်မည့် ဆရာ၊ ဆရာမများအတွက် ပို့ဆောင်ရေးခရီး နောက်ကျခဲ့ရပြီး လက်ရှိတွင် လွတ်မြောက်နယ်မြေ တစ်နေရာသို့ ပို့ဆောင်ထားပြီဖြစ်ကြောင်း သိရသည်။

ကျောင်းဝန်းအတွင်းသို့ ဝင်ရောက်စဉ် ကျောင်းသူ၊ ကျောင်းသားများ ထွက်ပြေးကြရာ ကျောင်းသူတစ်ဦး လက်စွပ်တစ်ကွင်း ‌ပျောက်ဆုံးခဲ့ကြောင်း သိရသဖြင့် ရဲဘော်များတွင် ပါလာသော ငွေများစုဆောင်း၍ ငွေကျပ်(၂၅၉၀၀၀)ကို လက်စွပ်ပျောက်ဆုံးသွားသည့် ကျောင်းသူအား ပေးကာ ဆရာ၊ ဆရာမများနှင့်အတူ ဆုတ်ခွါခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency