၂၀၂၆ တွင် တရုတ် သန်းကြွယ်သူဌေး အရေအတွက် (၂) ဆဖြစ်လာမည်ဟု ခန့်မှန်း

၂၀၂၆ တွင် တရုတ် သန်းကြွယ်သူဌေး အရေအတွက် (၂) ဆဖြစ်လာမည်ဟု ခန့်မှန်း
စက်တင်ဘာ 21, 2022 | နိုင်ငံတကာသတင်း
By Mr John

 ၂၀၂၆ ခုနှစ်တွင် တရုတ်သန်းကြွယ်သူဌေး အရေအတွက် (၂) ဆဖြစ်လာမည်ဟု ခန့်မှန်းထားကြောင်း နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုဘဏ်လုပ်ငန်း Credit Suisse က စက်တင်ဘာလ (၂၀) ရက်နေ့တွင် ထုတ်ပြန်လိုက်သည့် အစီရင်ခံစာ၌ ဖော်ပြထားသည်။ 

တရုတ်အစိုးရက ချမ်းသာကြွယ်မှု ကွာဟချက်ကို လျှော့ချရန်ဆောင်ရွက်မှုနှင့် စီးပွားရေး သိသာစွာ နှေးကွေးနေသော်လည်း တရုတ်သန်းကြွယ်သူဌေး (တရုတ်မီလျံနာ) အရေအတွက် တိုးပွားလာမည်ဟု Credit Suisse က ခန့်မှန်းထားသည်။

တရုတ်နိုင်ငံတွင် ၂၀၂၁ ခုနှစ်က အိမ်ထောင်စုများ၏ စုစုပေါင်း ချမ်းသာကြွယ်ဝမှုမှာ အမေရိကန်ဒေါ်လာ (၈၅.၁) ထရီလီယံသို့ ရောက်ရှိလာခဲ့ကြောင်းနှင့် ၂၀၂၀ ခုနှစ်က ဒေါ်လာ (၁၁.၂) ထရီလီယံရှိခဲ့ရာမှ (၁၅.၁) ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရသည်။ 

တရုတ်နိုင်ငံတွင် ၂၀၂၁ ခုနှစ်က သန်းကြွယ်သူဌေး (၆.၂) သန်းရှိခဲ့ပြီး ၂၀၂၀ ခုနှစ်ကထက် (၁) သန်းကျော် တိုးလာခဲ့သည်။ တစ်ကမ္ဘာလုံး သန်းကြွယ်သူဌေး အရေအတွက်မှာမူ (၅.၂) သန်း တိုးလာခဲ့သည်။

တရုတ်နိုင်ငံ၏ သန်းကြွယ်သူဌေး အရေအတွက်မှာ (၅) နှစ်အတွင်း (၂) ဆတိုးပြီး (၁၂.၂) သန်း ဖြစ်လာနိုင်ကြောင်း Credit Suisse အစီရင်ခံစာက ဆိုသည်။ 

COVID-19 ကပ်ရောဂါကြောင့် lockdown လုပ်ရမှုများရှိခဲ့ရာ ကမ္ဘာ့ဒုတိယ စီးပွားရေးအင်အားအကြီးဆုံး တရုတ်နိုင်ငံမှာ ဒုတိယသုံးလပတ်တွင် စီးပွားရေးကျုံသွားမှုကနေ သီသီလေး ရှောင်နိုင်ခဲ့ပြီး အိမ်ခြံမြေကဏ္ဍကျဆင်းမှုက စားသုံးသူနှင့် စီးပွားရေးလုပ်ငန်း ယုံကြည်မှုအပေါ် ထိခိုက်ခဲ့သည်။

၂၀၂၁ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ အိမ်ထောင်စုများ စုစုပေါင်း ချမ်းသာကြွယ်ဝမှုမှာ (၁၂.၇) ရာခိုင်နှုန်း တိုးလာခဲ့ကြောင်းနှင့် ငွေလဲနှုန်း မပါဝင်သော အမြန်ဆုံး နှစ်စဥ် တိုးတက်နှုန်းဖြစ်ကြောင်း သိရသည်။ သို့သော် ပထဝီနိုင်ငံရေးနှင့် ဘဏ္ဍာရေး မသေချာမရေရာမှုများက မျှော်မှန်းချက်များအပေါ် သက်ရောက်မှုရှိနေသည်ဟု ဆိုသည်။

၂၀၂၁ ခုနှစ် နှစ်ကုန်တွင် ကမ္ဘာလုံးဆိုင်ရာ အိမ်ထောင်စုများ စုစုပေါင်း ချမ်းသာကြွယ်ဝမှုမှာ ဒေါ်လာ (၄၆၃.၆) ထရီလီယံရှိခဲ့ပြီး အဓိကအားဖြင့် ငွေကြေးပိုင်ဆိုင်မှု ခိုင်မာအားကောင်းလာခဲ့ခြင်းကြောင့် ဖြစ်သည်။ ထိုအခြေအနေက ၂၀၂၁ ခုနှစ်တွင် ဆင်းရဲချမ်းသာ ကွာဟချက်ကို ပိုမိုဆိုးရွားစေခဲ့သည်ဟု ဆိုသည်။ 

အမေရိကန်၊ တရုတ်နှင့် ကနေဒါတို့က အိမ်ထောင်စုများ စုစုပေါင်း ချမ်းသာကြွယ်ဝမှု တိုးလာရာတွင် ထိပ်ဆုံးမှဦးဆောင်နေကြောင်း Credit Suisse အစီရင်ခံစာက ပြောသည်။ 

အမေရိကန်က ဒေါ်လာ (၁၉.၅) ထရီလီယံ၊ တရုတ်က ဒေါ်လာ (၁၁.၂) ထရီလီယံနှင့် ကနေဒါက ဒေါ်လာ (၁.၈) ထရီလီယံဖြင့် အိမ်ထောင်စုများ စုစုပေါင်း ချမ်းသာကြွယ်ဝမှု အသီးသီး တိုးလာခဲ့သည်။

"ငွေကြေးဖောင်းပွမှု၊ ယူကရိန်းစစ်ပွဲ၊ ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက် အကျပ်အတည်းတွေရဲ့ သက်ရောက်မှုကို အပြည့်အဝ အကဲဖြတ်ဖို့က အရမ်းစောနေတာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ တစ်ကမ္ဘာလုံး ချမ်းသာကြွယ်ဝမှုရဲ့ ကပြောင်းကပြန်ဖြစ်မှုအချို့ကို ၂၀၂၂ ခုနှစ်အတွင်း ကျွန်တော်တို့ မြင်ရပါလိမ့်မယ်" ဟု Credit Suisse ဒါရိုက်တာအဖွဲ့၏ ဥက္ကဌ Axel Lehmann က ပြောသည်။

သို့သော် (၅) နှစ်တာကာလ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်သက်၍မူ Credit Suisse က ကောင်းမွန်သည့် အလားအလာအဖြစ် မျှော်မှန်းထားဆဲဖြစ်ပြီး ၂၀၂၆ ခုနှစ်တွင် တစ်ကမ္ဘာလုံး အိမ်ထောင်စုများ စုစုပေါင်း ချမ်းသာကြွယ်ဝမှုမှာ ဒေါ်လာ (၁၆၉) ထရီလီယံ တိုးလာမည်ဟု ခန့်မှန်းထားသည်။

#TachileikNewsAgency

Source: Reuters