ထိုင်းနိုင်ငံ သဘာဝပတ်ဝန်းကျင်နှင့် သစ်တောဌာနက သစ်တောမြေမှ နှင်ထုတ်သည့် ကရင်ရွာသားများ တောနက်တွင်းရှိ မူလနေရာတွင် ပြန်လည်နေထိုင်ခွင့်ရရှိ

photo: Pratch Rujivanarom
photo: Pratch Rujivanarom
ထိုင်းနိုင်ငံ သဘာဝပတ်ဝန်းကျင်နှင့် သစ်တောဌာနက သစ်တောမြေမှ နှင်ထုတ်သည့် ကရင်ရွာသားများ တောနက်တွင်းရှိ မူလနေရာတွင် ပြန်လည်နေထိုင်ခွင့်ရရှိ
By Tachileik News Agency

ထိုင်းနိုင်ငံ  Kaeng Krachan National Park အတွင်းရှိ Bang Kloy Bon တွင် နေထိုင်ကြသည့် ကရင်ရွာသားများအနေဖြင့် ဆန္ဒရှိပါက  ပြန်လည်နေထိုင်ခွင့်ပြုကြောင်း ကရင်ရွာသားများနှင့် အာဏာပိုင်များကြား မြေယာအငြင်းပွားမှုကို စစ်ဆေးရေးလွတ်လပ်သည့်ကော်မတီက ဆုံးဖြတ်လိုက်ကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ၂၀၂၃ ခုနှစ် မေလ (၁)ရက်နေ့က သတင်းဖေါ်ပြသည်။

တောနက်တွင်းရှိ နေထိုင်ရာနေရာမှ နှင်ထုတ်ခံရသည့် ကရင်ရွာသားများအရေး ဖြေရှင်းနိုင်မည့်နည်းလမ်းများကို ဧပြီလ (၁၈)ရက်နေ့တွင် ဝန်ကြီးချုပ်ရုံးဝန်ကြီး anucha Nakasai က ဥက္ကဌအဖြစ်တာဝန်ယူသည့် ကော်မတီက ထုတ်ပြန်သည်ဟု အမျိုးသားလူ့အခွင့်အရေးကော်မရှင် (NHRC)အဖွဲ့ဝင် Suchart Setthamalinee က ဆိုသည်။

ကော်မတီက အကြံပြုသည့် ဖြေရှင်းချက်တွင် ကရင်ရွာသား (၇၃၂)ဦးအနေဖြင့် ၎င်းတို့ဘိုးဘွားစဉ်ဆက်နေထိုင်ခဲ့သည့် အမျိုးသားပန်းခြံအတွင်းရှိ တောနက်တွင်းမှ Bang Kloy Bon သို့ ပြန်လည်နေထိုင်လိုခြင်းရှိ၊ မရှိ သဘောထားဆန္ဒရယူရန် ဖြစ်သည်။

ဒုတိယအကြံပြုချက်မှာ ဖတ်ချာဘူရီပြည်နယ် Kaeng Krachan ခရိုင်ရှိ Huay Mae Priang ရွာတွင် ပြောင်းရွှေ့အခြေချလိုသည့် ကရင်ရွာသား (၁၅၀)အား နေထိုင်ခွင့်ပြုရန်ဖြစ်သည်။

ကျေးရွာသစ်သို့ ရွှေ့ပြောင်းအခြေချနေထိုင်သည့်အုပ်စုအပြင် သစ်တောတွင်းရှိ မူလနေရာသို့ ပြန်လည်အခြေချသည့်အုပ်စုကိုပါ အကူအညီများပေးအပ်သွားရန်ဖြစ်သည်။

ယင်းအပြင် ကျေးရွာသားများ အားကိုးအားထားပြုနေသည့် ရိုးရာဆန်စပါး စိုက်ပျိုးမှုအတွက် ပံ့ပိုးမှုများပါ ပေးမည်ဟု ကော်မတီက ဆိုသည်။

Bang Kloy Bon သို့ ပြန်လည်အခြေချနေထိုင်လိုသည့် ကရင်ရွာသားများအရေးဖြေရှင်းမည့် လွတ်လပ်သည့် ကော်မတီတစ်ခုဖွဲ့စည်းရန် ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးကို ညွန်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကော်မတီက ကရင်ရွာသားများ၏ စိုက်ပျိုးမြေယာအသုံးပြုမှုကိုပါ အကဲဖြတ်ခြင်းလုပ်ငန်း လုပ်မည်ဟု သိရသည်။

NHRC အနေနဲ့ ကရင်ရွာသားတွေအတွက် အငြင်းပွားမှုကို ဖြေရှင်းပေးနိုင်တဲ့အတွက် ဝမ်းသာမိသလို သူတို့ကို တောထဲပြန်ဝင်ခွင့်ပြုဖို့ ဝန်ကြီးချုပ်ဆီ အဆိုပြုပေးနိုင်ခဲ့တဲ့အတွက်လည်း ဝမ်းသာပါတယ်

ဟု အမျိုးသားလူ့အခွင့်အရေးကော်မရှင် (NHRC)အဖွဲ့ဝင် Suchart Setthamalinee က ဆိုသည်။

အမျိုးသားဥယျာဉ်၊ တောရိုင်းတိရစ္ဆာန်နှင့် အပင်ထိန်းသိမ်းရေးဌာနက သစ်တောတွင်းမှ နှင်ထုတ်ရန် အကြိမ်ကြိမ်ကြိုးပမ်းမှုကြားမှ Bang Kloy Bon တွင် ဆက်လက်နေထိုင်ခွင့်ရရေးကြိုးပမ်းနေကြသည့် မူလနေထိုင်သူ ကရင်ရွာသားများ၏ အခွင့်အရေးကို ကာကွယ်ရန် အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဝန်ကြီးချုပ်အား တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

Source: Bangkok Post