ရုရှားက ယူကရိန်းတွင် အမိမြေအတွက် တိုက်ပွဲဝင်နေခြင်းဖြစ်ကြောင်း ကျူးကျော်မှုလုပ်ရပ်ကို ပူတင် ကာကွယ်ပြောကြား

Photo By: REUTERS/Maxim Shemetov
Photo By: REUTERS/Maxim Shemetov
ရုရှားက ယူကရိန်းတွင် အမိမြေအတွက် တိုက်ပွဲဝင်နေခြင်းဖြစ်ကြောင်း ကျူးကျော်မှုလုပ်ရပ်ကို ပူတင် ကာကွယ်ပြောကြား
By Mr John

ယူကရိန်းတွင် ရှိနေသည့် ရုရှားတပ်ဖွဲ့တွေက အမိမြေအတွက် တိုက်ခိုက်နေကြခြင်းဖြစ်ကြောင်း မေလ (၉) ရက် Victory Day အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားလိုက်သည်။ 

ဒုတိယကမ္ဘာစစ်အတွင်း ဆိုဗီယက်ပြည်ထောင်စုက နာဇီ ဂျာမနီအား စစ်ပွဲအောင်နိုင်ခဲ့သည့် အထိမ်းအမှတ်နေ့ရက်ကို Victory Day အဖြစ် သတ်မှတ်ထားပြီး နှစ်စဥ် မေလ (၉) ရက်တွင် ရုရှားမြို့တော် မော်စကိုမြို့ရှိ ရင်ပြင်နီ၌ စစ်ရေးပြအခမ်းအနား ကျင်းပပြုလုပ်လေ့ရှိသည်။

ယခုနှစ် Victory Day စစ်ရေးပြအခမ်းအနား မိန့်ခွန်းတွင် သမ္မတပူတင်က ယူကရိန်းစစ်ပွဲ အရှိန်မြင့်လာမည့် အဓိက ကြေညာချက်တစ်ရပ် ပြုလုပ်လိမ့်မည်ဟု ခန့်မှန်းချက်များ ထွက်ပေါ်နေခဲ့သော်လည်း ၎င်း၏ မိန့်ခွန်းတွင် ရုရှားကျူးကျော်မှုကို ကာကွယ်ပြောကြားခြင်းက အဓိက ဖြစ်ခဲ့သည်။ 

ပူတင်က ယူကရိန်းစစ်ပွဲကို ၁၉၄၅ ခုနှစ်က အောင်ပွဲရမှုနှင့် ချိတ်ဆက်ပြောခဲ့ပြီး ရုရှားဘက်က လုံခြုံရေးတောင်းဆိုချက်များကို ငြင်းပယ်ခြင်းအတွက် အနောက်အုပ်စုနှင့် NATO အဖွဲ့က အပြစ်တင်ခဲ့သည်။

ရုရှားက အိမ်နီးချင်း ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုမှာ ယခုအခါ သီတင်းပတ် (၁၀)ပတ်နီးပါး ရှိပြီဖြစ်ပြီး အရပ်သား သေဆုံးမှုများလည်း ဆက်လက် မြင့်တက်နေဆဲ ဖြစ်သည်။ 

မေလ (၇) ရက်နေ့ကလည်း ယူကရိန်းအရှေ့ပိုင်း Luhansk ဒေသရှိ ကျေးရွာစာသင်ကျောင်း တစ်ကျောင်းကို ရုရှားက ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင် ခိုလှုံနေသူ (၆၀) ဦး သေဆုံးခဲ့သည်။ 

ရုရှားက မေလ (၉) ရက်နေ့တွင်လည်း Luhansk ဒေသတွင် နောက်ထပ် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

အမိမြေကို ကာကွယ်ခြင်းက အစဥ်အမြဲ မွန်မြတ်သည့် လုပ်ရပ်ဖြစ်ကြောင်း ယခုအခါ ရုရှား၏ ထိုးစစ်ဆင်တိုက်ခိုက်မှု အဓိက အာရုံစိုက်နေသော ယူကရိန်းအရှေ့ပိုင်းနယ်မြေကို ရည်ညွှန်းပြီး ပူတင်က ဆိုသည်။ 

"ဒီနေ့မှာ ရဲဘော်တို့က ဒွန်ဘတ်စ်မှာရှိတဲ့ ကျုပ်တို့ရဲ့ပြည်သူတွေအတွက်၊ ကျုပ်တို့ရဲ့အမိမြေ ရုရှားရဲ့ လုံခြုံရေးအတွက် တိုက်ပွဲဝင်နေကြတာ ဖြစ်တယ်" ဟု ပူတင်က ၎င်း၏ Victory Day မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ထို့အတူ NATO က မိမိတို့၏ သမိုင်းဝင်မြေများကို ကျူးကျော်ရန် ဒွန်ဘတ်စ်တွင် လှုပ်ရှားရန် ပြင်ဆင်နေခဲ့ကြောင်း၊ နျူကလီးယားလက်နက်များ အသုံးပြုနိုင်သည်ဟု ၎င်းတို့က ကိဗ်တွင် ပြောနေခဲ့ကြောင်းနှင့် NATO က မိမိတို့နှင့်နီးစပ်သည့် နယ်မြေများတွင် နယ်မြေသစ် စတင်ရှာဖွေနေခဲ့ကြောင်းနှင့် နောက်ဆုံးတွင် မိမိတို့နှင့် မိမိတို့၏ နယ်စပ်များကို ခြိမ်းခြောက်မှုတစ်ခုဖြစ်လာကြောင်း ရုရှားသမ္မတပူတင်က ယူကရိန်းကို ကျူးကျော်မှုနှင့် ပတ်သက်ပြီး ကာကွယ်ပြောကြားခဲ့သည်။

ပူတင်၏ မိန့်ခွန်းတွင် ပြောကြားမှုအပေါ် ယူကရိန်းသမ္မတ ဗိုလိုဒီမြာ ဇီလန်းစကီးက "NATO နိုင်ငံတွေက ရုရှားကို တိုက်ခိုက်မှာ မဟုတ်ပါဘူး။ ယူကရိန်းက ခရိုင်မီးယားဒေသကို တိုက်ခိုက်ဖို့ အစီအစဥ် မရှိပါဘူး" ဟု Twitter တွင် တုံ့ပြန်ထားသည်။ 

မော်စကိုမြို့ ရင်ပြင်နီတွင် ကျင်းပပြုလုပ်သည့် Victory Day အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားတွင် ယူကရိန်းစစ်ပွဲအတွင်း ကျဆုံးခဲ့သော ရုရှားတပ်ဖွဲ့များအတွက် အပါအဝင် ကျဆုံးစစ်သည်များအတွက် တစ်မိနစ်ငြိမ်သက်ခဲ့ကြသည်။ 

ရုရှားသတင်းဌာနများက ဖော်ပြမှုအရ မေလ (၉) ရက် Victory Day အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားတွင် တပ်ဖွဲ့ဝင် ၁၁,၀၀၀ နှင့် သံချပ်ကာယာဥ် ၁၃၁ စီး ပါဝင်ခဲ့ကြကြောင်း သိရသည်။

Source: Reuters, BBC

Photo By: REUTERS/Maxim Shemetov, REUTERS/Igor Tkachenko,