စစ်ကောင်စီ၏ ရွေးကောက်ပွဲအတွက် ရုရှား၏ အကူအညီ ရရှိရေး နေပြည်တော်တွင် တွေ့ဆုံ

စစ်ကောင်စီ၏ ရွေးကောက်ပွဲအတွက် ရုရှား၏ အကူအညီ ရရှိရေး နေပြည်တော်တွင် တွေ့ဆုံ

ရုရှားနိုင်ငံက အာဏာသိမ်းစစ်ကောင်စီက ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲကို ရုရှားနိုင်ငံအနေဖြင့်  ကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရုရှား၏ အကူအညီရရှိရေးအတွက် စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)နှင့် ပူးပေါင်းဆောင်ရွက်ရေး ၂၀၂၃ခုနှစ်၊ မေလ( ၃၀ )ရက်နေ့က နားလည်မှုစာချွန်လွှာ (MoU)ရေးထိုးရန် သဘောတူညီမှုရရှိခဲ့သည်ဟု UEC ကထုတ်ပြန်လာသည်။

မြန်မာနိုင်ငံကို ရောက်ရှိနေသည့် ရုရှားနိုင်ငံ၊ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E. Mr. Sholban Kara-Ool နှင့် စစ်ကောင် စီခန့် UEC ဥက္ကဋ္ဌ ဦးသိန်းစိုးတို့ နေပြည်တော်၌ တွေ့ဆုံစဉ် သဘောတူညီလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

တွေ့ဆုံရာတွင် ဦးသိန်းစိုးက ရွေးကောက်ပွဲ ကျင်းပပေးနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေခြင်း၊ အချိုးကျကိုယ်စားပြုစနစ် (PR) ကျင့်သုံးဆောင်ရွက်မည့် အခြေအနေများ၊ နိုင်ငံရေးပါတီ တည်ထောင်ခွင့်များ၊ မှတ်ပုံတင်ခွင့်များအတွက် စိစစ်ဆောင်ရွက်နေမှုအခြေအနေများကို ပြောဆိုခဲ့သည်ဟု သိရသည်။

စစ်ကောင်စီဘက်က ရွေးကောက်ပွဲကို မည်သည့်ကာလတွင် ကျင်းပမည်ဟု ရဲရဲဝံ့ဝံ့ တိတိကျကျ တရားဝင်ကြေညာထားခြင်း မရှိသေးပေ။

ဒါ့အပြင် စစ်ကောင်စီက ပြုလုပ်မည့်ရွေးကောက်ပွဲကို တော်လှန်ရေး အဖွဲ့များက ဆန့်ကျင်ကန့်ကွက်နေပြီး အမေရိကန်နှင့် နိုင်ငံတချို့ကလည်း အသိအမှတ်မပြုကြောင်း ထုတ်ပြန်ထားသည်။

တဖက်တွင်လည်း မြန်မာနိုင်ငံအရေး ရှုပ်ထွေးနေချိန် နိုင်ငံရေးအမြတ်ထုတ်လိုသည့် တရုတ်၊ အိန္ဒိယနှင့် ရုရှားတို့က ရွေးကောက်ပွဲကော်မရှင်နှင့် တွေ့ဆုံဆွေးနွေးမှုများရှိနေသည်။

လက်ရှိတွင် စစ်ကောင်စီသည် NLD အပါအဝင် နိုင်ငံရေးပါတီ(၄၀)ဝန်းကျင်ကို ဖျက်သိမ်းထားပြီး ပါတီ(၅၀)ဝန်းကျင်ကို မှတ်ပုံတင်ခွင့်အား ခွင့်ပြုပေးထားသည်။

#TachileikNewsAgency