မြန်မာနိုင်ငံမှ မူးယစ်ဆေးဝါးများကို စက်လှေများဖြင့် အခြားနိုင်ငံများသို့ သယ်ထုတ်မှု ပိုများလာကြောင်း ကုလသမဂ္ဂ အစီရင်ခံစာက ဖော်ပြ

မြန်မာနိုင်ငံမှ မူးယစ်ဆေးဝါးများကို စက်လှေများဖြင့် အခြားနိုင်ငံများသို့ သယ်ထုတ်မှု ပိုများလာကြောင်း ကုလသမဂ္ဂ အစီရင်ခံစာက ဖော်ပြ

အာရှ‌ဒေသမှ မူးယစ်ဆေးဝါး ရောင်းဝယ်မှုကွန်ရက်များက မြန်မာနိုင်ငံမှ မက်သာအမ်ဖက်တမင်း (methamphetamine) စိတ်ကြွဆေးများကို ပင်လယ်ရေလမ်းကြောင်းသုံး၍ သယ်ဆောင်မှု ပိုများလာကြောင်းနှင့် ၎င်းတို့၏ လုပ်ငန်းကို တိုးချဲ့မှုအဖြစ် ကက်တမင်း (ketamine) ထုတ်လုပ်မှု တိုးမြှင့်လုပ်ဆောင်နေကြကြောင်း ကုလသမဂ္ဂက ၂၀၂၃ခုနှစ် ဇွန် လ (၂) ရက်နေ့တွင် ပြောသည်။

စစ်တပ်က အာဏာသိမ်းထားသည့် မြန်မာနိုင်ငံ၏ အရှေ့ပိုင်း ရှမ်းပြည်နယ်မှာ ဒေသတွင်း မူးယစ်ဆေးဝါးထုပ်လုပ်မှု အချက်အချာ‌နေရာဖြစ်ပြီး ထိုပြည်နယ်အတွင်း ထုတ်လုပ်နေသည့် မက်သာအမ်ဖက်တမင်း စိတ်ကြွဆေးများကို တရုတ်နှင့် ထိုင်းနိုင်ငံတို့မှတစ်ဆင့် ဖြတ်သန်းရသော ပိုမိုတင်းကျပ်သည့် ကုန်းလမ်းခရီးတစ်လျှောက် စောင့်ကြပ်စစ်ဆေးမှုများကို ရှောင်ကွင်းရန် ရေကြောင်းအဖြစ် စက်လှေများဖြင့် သယ်ထုတ်နေကြောင်း မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး UN Office on Drugs and Crime (UNODC) ၏ နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာ၊ လာအိုနှင့် ထိုင်းနိုင်ငံတို့ကြား နယ်စပ်ဒေသမှာ တရားမဝင် မူးယစ်ဆေးဝါး (အထူးသဖြင့် မက်သာအမ်ဖက်တမင်းနှင့် ဘိန်း) ထုတ်လုပ်မှုနှင့် ရောင်းဝယ်မှု အဓိကနေရာ ဖြစ်နေခဲ့သည်မှာ နှစ်ကာလရှည်ကြာပြီ ဖြစ်သည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံနှင့် ထိစပ်နေသည့် ထိုင်းနိုင်ငံ၏ နယ်စပ်တစ်လျှောက် မူးယစ်ဆေးဝါးသယ်ဆောင်မှုကို စောင့်ကြည့်စစ်ဆေးမှုများ တိုးမြှင့်လုပ်ဆောင်လာရာ ၂၀၂၂ ခုနှစ်အတွင်း တရုတ်နှင့်ထိုင်း အာဏာပိုင်များ၏ မက်သာအမ်ဖက်တမင်း သိမ်းဆည်းရရှိမှု လျော့ကျသွားခဲ့ပြီး မူးယစ်ဆေးဝါး ရောင်းဝယ်သူများက ပင်လယ်ရေလမ်းကြောင်းများကို ပြောင်းလဲ အသုံးပြုလာကြသည်။

အရှေ့နှင့် အရှေ့တောင်အာရှ ဒေသတဝန်း ရဲတပ်ဖွဲ့များက ၂၀၂၂ ခုနစ်တွင် မက်သာအမ်ဖက်တမင်း စိတ်ကြွဆေး (၁၅၁) တန်နီးပါး သိမ်းဆည်းရမိခဲ့ကြောင်းနှင့်၂၀၂၁ ခုနှစ်တွင် (၁၇၂) တန် စံချိန်တင် သိမ်းဆည်းရမိခဲ့ရာမှ လျော့ကျသွားခဲ့ကြောင်း သိရသည်။ 

ထိုဒေသတဝန်း စိတ်ကြွဆေး လက်ကားဈေးနှုန်းနှင့် လက်လီဈေးနှုန်း (လမ်းဘေးဈေးနှုန်း) မှာ ၂၀၂၂ ခုနှစ်တွင် ကျဆင်းသွားခဲ့ သို့မဟုတ် စံချိန်တင် အနိမ့်ဆုံး ကျဆင်းခဲ့ကြောင်း UNODC အစီရင်ခံစာက ဆိုသည်။

၂‌၀၂၂ ခုနှစ်အတွင်း အရှေ့နှင့် အရှေ့တောင်အာရှ ဒေသတဝန်း၌ အာဏာပိုင်များက ကက်တမင်း မူးယစ်ဆေးဝါး (၂၇.၄) တန်အထိ စံချိန်တင် ပမာဏ သိမ်းဆည်းရမိခဲ့ပြီး ‌၂၀၂၁ ခုနှစ်ကထက် (၁၆၇) ရာခိုင်နှုန်း မြင့်တက်လာခဲ့ရာ မူးယစ်ဆေးဝါးလုပ်ငန်းများက ကက်တမင်းထုတ်လုပ်မှုကို တိုးမြှင်လုပ်ဆောင်နေကြောင်း ညွှန်ပြနေသည်။

 

Source: AFP, CNN