လူဟောင်းများကို နေရာပြောင်းလဲသည့် စစ်ကောင်စီ၏ ဝန်ကြီးစာရင်းထုတ်ပြန်

လူဟောင်းများကို နေရာပြောင်းလဲသည့် စစ်ကောင်စီ၏ ဝန်ကြီးစာရင်းထုတ်ပြန်

အာဏာသိမ်းစစ်ကောင်စီက ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ(၃)ရက်နေ့တွင် ၎င်းတို့၏ အစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းကြောင်းထုတ်ပြန်လာရာတွင် နေရာအပြောင်းအလဲများစွာကို တွေ့ရပြီး ဒုဗိုလ်ချုပ်ရာပြည့်သည် ပြည်ထဲရေးဝန်ကြီး ဖြစ်လာသလို ကာကွယ်ရေးဝန်ကြီးနေရာကိုလည်း အပြောင်းအရွှေ့လုပ်လိုက်သည်ကို တွေ့ရသည်။

စစ်ကောင်စီသည် ယခင်က ကာကွယ်ရေးဝန်ကြီးဌာနနေရာ တာဝန်ယူထားသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦးကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးအဖြစ် ပြောင်းပြီး ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီးနေရာကို ယခင်က ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဖြစ်သည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်းအား ပြောင်းလဲခန့်လိုက်သည်ကို တွေ့ရသည်။

ယခင်က ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနဝန်ကြီးဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကို ပြည်ထဲရေးဝန်ကြီးအဖြစ်ပြောင်းပြီး ယခင် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်အား ပြည်ထောင်စုအစိုးရဖွဲ့ရုံးဝန်ကြီးဌာန(၁)သို့ ပြောင်းရွေ့လိုက်သည်ကို တွေ့ရသည်။

ပြည်ထောင်စုအစိုးရဖွဲ့ရုံး ဝန်ကြီးဌာန(၂)နေရာကို ယခင် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနမှ ဝန်ကြီး ဦးကိုကိုလှိုင်အား ပြောင်းရွေ့လိုက်ပြီး အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနကို ဖျက်သိမ်းလိုက်သည်ကို တွေ့ရသည်။

ယမန်နေ့ ဩဂုတ်လ(၂)ရက်နေ့က ဖြုတ်လိုက်သည့် သာသနာရေးဝန်ကြီး ဦးကိုကိုနေရာတွင် ဦးတင်ဦးလွင်ဆိုသူကို ခန့်အပ်ထားပြီး လျှပ်စစ်စွမ်းအားဝန်ကြီးဌာနဝန်ကြီးနေရာတွင် ဖြုတ်လိုက်သည့် ဦးသောင်းဟန်အစား ဦးဉာဏ်ထွန်း၊ စွမ်းအင်ဝန်ကြီးဌာနဝန်ကြီးနေရာတွင် ဖြုတ်လိုက်သည့် ဦးမျိုးမြင့်ဦးအစား ဦးကိုကိုလွင်၊ အလုပ်သမားဝန်ကြီးဌာနဝန်ကြီးနေရာတွင် ဖြုတ်လိုက်သည့် ဒေါက်တာပွင့်ဆန်းအစား ဦးမြင့်နောင်ကို အစားထိုးခန့်အပ်ထားသည်ကို တွေ့ရသည်။

ဒါ့အပြင် မဲရှုံး PPP ပါတီဥက္ကဌ စစ်ကောင်စီခန့်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီး ဒေါ်သက်သက်ခိုင်ကို ဟိုတယ်နှင့် ခရီးသွားဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်ပြီး ၎င်း၏နေရာတွင် ဒေါက်တာစိုးဝင်းကို အစားထိုးခန့်အပ်ထားသည်ကို တွေ့ရသည်။

ထို့အပြင် စစ်ကောင်စီသည် တရားသူကြီးချုပ်နေရာအား  ဦးထွန်းထွန်းဦး အစား ဦးသာဌေး၊ စာရင်းစစ် ချုပ်နေရာတွင်  ဦးတင်ဦးအစား ဒေါက်တာခင်နိုင်ဦး၊ အဂတိဥက္ကဌနေရာတွင် ဒေါက်တာဌေးအောင် အစား ဦးစစ်အေး၊ လူ့အခွင့်အရေး ကော်မရှင် ဥက္ကဌ နေရာတွင် ဖြုတ်လိုက်သည့် ဦးလှမြင့်အစား ဦးပေါ်လွင်စိန် တို့ကို အစားထိုးလိုက် ကြောင်း တွေ့ရသည်။

ရာထူးဝန်အဖွဲ့ ဥက္ကဌအဖြစ် ဦးအောင်သော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဌနေရာကို ဦးအောင်ဇော်သိန်း၊ နေပြည်တော်ကောင်စီဥက္ကဌနေရာကို ဦးသန်းထွန်းဦး၊ ဥပဒေရေးရာ ဒုဝန်ကြီးအ ဖြစ် ဒေါက်ထိန်လင်းဦးတို့ကိုလည်း ခန့်အပ်ထားသည်ကို တွေ့ရသည်။