မဲမသမာမှုဟုဆိုကာ အာဏာသိမ်းထားသည့် စစ်ခေါင်းဆောင်က ရွေးကောက်ပွဲလုပ်ငန်းစဉ်အပေါ် နှောင့်နှေးအောင် လုပ်ဆောင်နေသူများသည် ပြည်သူ့ဆန္ဒကို ဆန့်ကျင်နေသူများဟု ပြောဆိုပြန်

မဲမသမာမှုဟုဆိုကာ အာဏာသိမ်းထားသည့် စစ်ခေါင်းဆောင်က ရွေးကောက်ပွဲလုပ်ငန်းစဉ်အပေါ် နှောင့်နှေးအောင် လုပ်ဆောင်နေသူများသည် ပြည်သူ့ဆန္ဒကို ဆန့်ကျင်နေသူများဟု ပြောဆိုပြန်
သြဂုတ် 8, 2023 | 2021 Military Coup

ရွေးကောက်ပွဲလုပ်ငန်းစဉ်အပေါ် နှောင့်နှေးအောင် လုပ်ဆောင်နေသူများသည် ပြည်သူ့ဆန္ဒကို ဆန့်ကျင်နေသူ၊ ပြည်သူကို ထိခိုက်စေသူများဖြစ်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။

၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲကို မဲမသမာမူဟု အကြောင်းပြကာ အာဏာသိမ်းလိုက်သည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်းအသစ်ဖွဲ့စည်းထားသည့် စစ်ကောင်စီအဖွဲ့ဝင်များအား ဩဂုတ်လ (၇)ရက်နေ့က နေပြည်တော် စစ်ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံစဥ် ပြောဆိုလိုက်ခြင်းဖြစ်သည်။

နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများအပေါ် နှောင့်ယှက်မှုများ ရှိနေမည်ဆိုပါက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝ တိုးတက်ရေး လုပ်ငန်းစဉ်များကို နှောင့်နှေးကြန့်ကြာစေမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ထိုသို့နှောင့်နှေးစေခြင်းသည် ပြည်သူလူထုတစ်ရပ်လုံး၏ ဆန္ဒဖြစ်သည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးနှင့် ပြန်လည်ဖော်ဆောင်ရေးအတွက် လုပ်ဆောင်ရမည့် ရွေးကောက်ပွဲလုပ်ငန်းစဉ်အပေါ် နှောင့်နှေးစေကြောင်း၊ ထိုကဲ့သို့နှောင့်နှေးအောင် လုပ်ဆောင်နေသူများသည် ပြည်သူ့ဆန္ဒကို ဆန့်ကျင်နေသူ၊ ပြည်သူကို ထိခိုက်စေသူများဖြစ်ကြောင်း ဆက်ပြောသည်။ 

ထို့ကြောင့် အကြမ်းဖက်ဖြစ်စဉ်များအားလုံး ချုပ်ငြိမ်းပြီး တည်ငြိမ်အေးချမ်းရေးနှင့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးအတွက် ပြည်သူလူထုတစ်ရပ်လုံးမှလည်း ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုကြောင်း၊ မိမိတို့ ဆက်လက်တာဝန်ထမ်းဆောင် မည့်ကာလအတွင်း နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကောင်စီဝင်များ၏ ပူးပေါင်းဆောင်ရွက်မှုအားဖြင့် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းကပြောသည်။

စစ်ကောင်စီအနေဖြင့် လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပ၍ ထွက်ပေါ်လာသည့် အစိုးရအား နိုင်ငံတော်၏ တာဝန်များကို လွှဲပြောင်းပေးမည်ဖြစ်သည့်အတွက် ဥပဒေနှင့်အညီ လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးနှင့် တစ်နိုင်ငံလုံး အကြားအလပ်မရှိ ဆန္ဒမဲပေးပိုင်ခွင့်ရရှိစေရေး ကြိုးပမ်းနေသည်ဟု ဆိုသည်။

ဆန္ဒမဲပေးခွင့်ရှိသူအားလုံး မဲပေးခွင့်ရရှိနိုင်ရေး ဆောင်ရွက်ပေးရန်မှာ အစိုးရ၏တာဝန်ဖြစ်ကြောင်း၊ ပြည်တွင်း၊ ပြည်ပမှ မဲဆန္ဒရှင်စာရင်းများ ကောက်ယူရာတွင် မှန်ကန်မှုရှိရေး၊ ပြည်စုံရေး၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအားလုံး ဆန္ဒမဲပေးနိုင်ရေးနှင့် တစ်နိုင်ငံလုံး ရာနှုန်းပြည့် ဆန္ဒမဲပေးနိုင်ရေး တာဝန်ရှိ သူများအားလုံးက ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်းလည်း ပြောသည်။

ရွေးကောက်ပွဲဟူသည် ရာနှုန်းပြည့်ကျင်းပအောင်မြင်ရန်ခက်ခဲသော်လည်း ပြည်သူတို့၏ မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး စွမ်းအားရှိသမျှ လုပ်ဆောင် ရမည်ဖြစ်ကြောင်း၊ စည်းစနစ်ကျနမှုရှိသည့် အထွေထွေရွေးကောက်ပွဲတစ်ရပ် ဖြစ်စေရေးနှင့် ၎င်းရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့်အစိုးရကို နိုင်ငံတော် တာဝန်များ လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားရမည်ဟု ဆိုသည်။

စစ်ကောင်စီ၏ နိုင်ငံရေးထွက်ပေါက်ဖြစ်သည့် ရွေးကောက်ပွဲကို တော်လှန်ရေးအင်အားစုများက ဆန့်ကျင်ထားကြခြင်းဖြစ်ပြီး စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ယင်းကိစ္စကို ဆိုလိုခြင်းဖြစ်သည်။

#TachileikNewsAgency