ကလေးသူငယ်အလုပ်စေခိုင်းမှု အငယ်ဆုံးအသက်အရွယ်ပြဌာန်းနိုင်ရေး ပြည်ထောင်စုလွှတ်တော်ခွင့်ပြုချက်စောင့်ဆိုင်း

ကလေးသူငယ်အလုပ်စေခိုင်းမှု အငယ်ဆုံးအသက်အရွယ်ပြဌာန်းနိုင်ရေး ပြည်ထောင်စုလွှတ်တော်ခွင့်ပြုချက်စောင့်ဆိုင်း
နိုဝင်ဘာ 29, 2019
By Tachileik News Agency

မြန်မာနိုင်ငံအတွင်းရှိ လုပ်ငန်းခွင်များတွင် ကလေးသူငယ်အလုပ်စေခိုင်းမှု အငယ်ဆုံးအသက်အရွယ်ပြဌာန်းနိုင်ရေးအတွက် လက်ရှိ ကျင်းပနေသည့် ပြည်ထောင်စုလွှတ်တော်တွင် တင်ပြထားပြီး လွှတ်တော်၏ သဘောတူခွင့်ပြုချက်စောင့်ဆိုင်းနေကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

၂၀၁၉ ခုနှစ် နိုဝင်ဘာ (၂၉) ရက်တွင် ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ဝက်လက် မဲဆန္ဒနယ်မှ ဦးမြင့်သိန်း မေးမြန်းသည့် ကလေးသူငယ်များ အလုပ်ခိုင်းစေမှု အငယ်ဆုံးအသက်ဆိုင်ရာ ILO Convention No.(138) ကို အတည်ပြု လက်မှတ် ရေးထိုးရန် အစီအစဉ် ရှိ၊ မရှိ ကြယ်ပွင့်ပြမေးခွန်းနှင့်ပတ်သက်ပြီး ဝန်ကြီးက အထက်ပါအတိုင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

"မြန်မာနိုင်ငံအနေနဲ့ ကလေးသူငယ်ဆိုင်ရာအလုပ်စေခိုင်းမှုသတ်မှတ်ချက် ILO Convention No.(138) ကိုလက်ခံအတည်ပြုဖို့ ၂၀၁၉ ခုနှစ် ဇွန်လမှာပြုလုပ်ခဲ့တဲ့ ILC ညီလာခံမှာ မြန်မာနိုင်ငံအနေနဲ့ အလုပ်သမား၊ အလုပ်ရှင်၊ အစိုးရတို့ပူးပေါင်းပြီးတော့မှ လိုက်နာရေးထိုးဖို့ စီစဉ်ဆောင်ရွက်လျှက်ရှိပါတယ်။ လိုက်နာကျင့်သုံးဖို့သင့်မသင့်ကို ဌာနအတွင်းဆွေးနွေးမှု၊ သက်ဆိုင်ရာဝန်ကြီးဌာနများနဲ့ ညှိနှိုင်းဆွေးနွေးမှုနဲ့ လုပ်ထုံးလုပ်နည်းများနဲ့အညီ ပြည်ထောင်စုရှေ့နေချုပ်ရုံးကိုတင်ပြခဲ့ပါတယ်။ အားလုံးရဲ့သဘောတူရရှိတဲ့အတွက် ပြည်ထောင်စုအစိုးရ အဖွဲ့ကိုတင်ပြပြီးတော့မှ (၈-၁၁-၂၀၉) ကျင်းပတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစည်းအဝေး အမှတ်စဉ် (၁၁/၂၀၁၉) ကနေ သဘောတူပြီးဖြစ်ပါတယ်။ (၂၆-၁၁-၂၀၁၉) မှာကျင်းပပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်ကိုလည်းပဲ အငယ်ဆုံးအသက်ပြဌာန်းချက်ဖြစ်တဲ့ အမှတ် (၁၃၈) ကို လက်ခံကျင့်သုံးရေးအတွက် တင်ပြထားပြီးဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့တယ်ဆိုရင် ဆက်လက်ပြီး မြန်မာနိုင်ငံအနေနဲ့ အငယ်ဆုံးအသက်ပြဌာန်းရေးကို လုပ်ထုံး၊ လုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်"ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဖြေကြားခဲ့သည်။ 

မြန်မာနိုင်ငံအနေဖြင့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် ILO ပြဌာန်းချက် (၁၈၂) ကို အတည်ပြုလက်မှတ်ရေးထိုးခဲ့သော်လည်း ပြဌာန်းချက်အမှတ် (၁၃၈) ကိုလက်မှတ်ရေးထိုးနိုင်ခြင်းမရှိသေးကြောင်း၊ မြန်မာနိုင်ငံတွင် ကလေးအလုပ်သမား (၁) သန်းကျော်ရှိနေပြီး အများစုမှာ အန္တရာယ်ရှိတဲ့လုပ်ငန်းများ လုပ်ကိုင်နေကြရပြီး အလုပ်သမားဥပဒေတွင် အသက် (၁၄) နှစ်အောက်ကလေးသူငယ်များ အလုပ်လုပ်ခြင်းတားမြစ်ထားသော်လည်း စိုက်ပျိုးရေးလုပ်ငန်းများနှင့် ပုံစံတကျဖွဲ့စည်းထားခြင်းမဟုတ်သည့် စီးပွားရေးလုပ်ငန်းများတွင် ကလေးသူငယ်များကို အလုပ်စေခိုင်းမှုများရှိနေကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

ဆက်စပ်သတင်း




~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~