အလှူငွေနည်းလာသဖြင့် ထောင်ဝင်စာပို့ကြမယ်အဖွဲ့ ရပ်တည်ရန်ခက်ခဲလာ

အလှူငွေနည်းလာသဖြင့် ထောင်ဝင်စာပို့ကြမယ်အဖွဲ့ ရပ်တည်ရန်ခက်ခဲလာ

အလှူငွေရရှိမှုနည်းလာပြီး ကုန်ဈေးနှုန်းများမြင့်တက်လာခြင်းတို့ကြောင့် နိုင်ငံရေးအကျဉ်းသား (၅၀၀)ဝန်းကျင်အတွက် (၂)နှစ်ကျော်ကြာ ကူညီပေးလာသည့် ထောင်ဝင်စာပို့ကြမယ်အဖွဲ့ ဆက်လက်ရပ်တည်ရန် ခက်ခဲနေကြောင်း သိရသည်။

“ကုန်စျေးနှုန်းတွေက တရိပ်ရိပ်တက်လာတာ။ ပြီးခဲ့တဲ့လနဲ့ ဒီလနဲ့တောင်မတူဘူး။ ရထားတဲ့အလှူငွေနဲ့ ပို့ပေးရတဲ့ လူဦးရေနဲ့ ခွဲတမ်းချတဲ့အခါ ပါဆယ်ထုတ်လေးတွေ တဖြည်းဖြည်းသေးလာတော့ ရင်ထဲမကောင်းဘူး။”ဟု ထောင်ဝင်စာပို့ကြမယ်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agencyကိုပြောသည်။ 

ထို့အပြင် တော်လှန်ရေးကာလ (၂)နှစ်ကျော်လာသဖြင့် ယခင်က မိမိအစီအစဥ်ဖြင့် ထောင်ဝင်စာပါဆယ် ပို့နေသူများမှာလည်း ကျပ်တည်းလာပြီး  ထောင်ဝင်စာပို့ကြမယ်အဖွဲ့ကို အကူအညီတောင်းလာကြရာက လူဦးရေပိုများလာကြောင်း သိရသည်။  

“ထောင်ထဲရောက်နေတဲ့ နွေဦးသူရဲကောင်းတွေဟာ အထဲမှာအခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရတာပါ။ ကျွန်တော်တို့အနေနဲ့က သူတို့ကို ပါဆယ်ပို့တယ်ဆိုတာထက် စိတ်ခွန်အားမေတ္တာစာပို့ပေးတာပါ။ မင်းတို့ကို ငါတို့ပစ်မထားဘူး။ မေ့မထားဘူးဆိုတဲ့ စိတ်ခွန်အားပေးတာပါ။ ဒါကြောင့် ဆက်လက်ရပ်တည်ပြီး ပို့နိုင်ဖို့ ပြည်တွင်း၊ ပြည်ပကပြည်သူများအနေနဲ့ ထောင်အသီးသီးက အမေ့ခံနွေဦးသူရဲကောင်းတွေကို ပစ်မထားပဲ ကူညီပံ့ပိုးပေးကြပါ။”ဟု ၎င်းကဆက်ပြောသည်။

အဆိုပါအဖွဲ့သည် အကျဉ်းထောင်(၇)ခုမှ နိုင်ငံရေးအကျဉ်းသား(၅၀၀)ဝန်းကျင်အတွက် ကူညီပေးနေပြီး ပုံမှန်အလှူရှင်များလိုအပ်နေကာ တစ်လလျှင် ငွေကျပ်သိန်း(၁၁၀)အထက် လိုအပ်နေခြင်းကြောင့် အမေ့လျော့ခံသူရဲကောင်းများကိုမမေ့ကြရန်လည်း ထောင်ဝင်စာပို့ကြမယ်အဖွဲ့က တိုက်တွန်းထားသည်။

ယခုဩဂုတ်လအတွင်း နိုင်ငံရေးအကျဉ်းသားများအတွက် သွားတိုက်တံ၊ သွားတိုက်ဆေး၊ ရေချိုးဆပ်ပြာမွှေး၊ ကော်ဖီမစ်၊ Air X၊ ဒီဂိုဂျင်၊ ယားနာလိမ်းဆေး၊ ခေါက်ဆွဲခြောက်၊ လက်ဖက်၊ ခေါင်းလျှော်ရည်နှင့် ကွတ်ကီးမုန့်တို့ကို ထောင်ဝင်စာပို့နိုင်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo : ထောင်ဝင်စာ ပို့ကြမယ်