မြန်မာစစ်ရှောင်များအတွက် မည်သည့်ထောက်ပံ့မှုမျှမရှိသည့် စစ်ကောင်စီက ဂျပန်ငလျင်အတွက် ဒေါ်လာတစ်သိန်းလှူဒါန်း

မြန်မာစစ်ရှောင်များအတွက် မည်သည့်ထောက်ပံ့မှုမျှမရှိသည့် စစ်ကောင်စီက ဂျပန်ငလျင်အတွက် ဒေါ်လာတစ်သိန်းလှူဒါန်း
မတ် 12, 2024 | 2021 Military Coup

မြန်မာစစ်ရှောင် ဒုက္ခသည်များအတွက် မည်သည့်ကူညီထောက်ပံ့မှုမျှမပေးသည့် စစ်ကောင်စီက ဂျပန်ငလျင်ဒဏ်ခံစားခဲ့ရသည့် ပြည်သူများအတွက် ‌ဒေါ်လာတစ်သိန်း လှူဒါန်းသည်ဟု စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်းကြီးဌာနက ယနေ့ ၂၀၂၄ ခုနှစ် မတ်လ(၁၂)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့က ဂျပန်နိုင်ငံ၊ အီရှီကာဝါပြည်နယ်တွင် လှုပ်ခတ်ခဲ့သည့် ပြင်းအား(၇.၆)အဆင့်ရှိ မြေငလျင်ဒဏ်ခံစားခဲ့ရသည့် ပြည်သူများအတွက် စစ်ကောင်စီက ဂျပန်ကြက်ခြေနီအသင်းသို့ အမေရိကန်ဒေါ်လာတစ်သိန်း လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အမေရိကန်ဒေါ်လာတစ်သိန်းနှင့်ညီမျှသည့် ဂျပန်ယန်းငွေ(၁၄,၉၄၂,၀၀၀)အား မတ်လ(၁၁)ရက်နေ့၊ နံနက်ပိုင်းတွင် တိုကျိုမြို့ရှိ ဂျပန်ကြက်ခြေနီအသင်းရုံးချုပ်၌ စစ်ကောင်စီသံအမတ် ဦးစိုးဟန်က လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

United Nations OCHA Myanmar၏ ပြီးခဲ့သည့်ရက်ပိုင်းက ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုအပါအဝင် လက်နက်ကိုင်ပဋိပက္ခကြောင့် တိမ်းရှောင်နေရသူ (၂.၇)သန်းကျော် ရှိသည်ဟု သိရသည်။

#TachileikNewsAgency