လွိုင်ကော်မြို့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ နှစ်ရက်ကြာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သားများ၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

လွိုင်ကော်မြို့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ နှစ်ရက်ကြာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သားများ၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
ဇူလိုင် 31, 2023 | 2021 Military Coup| ကယား

ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်မြို့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ (၂)ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်က အများအပြားသေဆုံးပြီး လက်နက်ခဲယမ်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း KNDFဗဟိုက ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ (၃၁)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

လွိုင်ကော်မြို့အထွက် မော်ချီးစုစည်းကျေးရွာဖက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များနှင့် မိုးဗြဲဖက်မှ စစ်ယာဥ်တန်းကားများဖြင့် လွိုင်ကော်ဖက်သို့ ဝင်ရောက်လာသော စစ်ကောင်စီတပ်များကို တော်လှန်ရေးတပ်များက ၂၀၂၃ခုနှစ် ဇူလိုင်လ (၂၄)ရက်နေ့နှင့် (၂၅)ရက်တို့တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ (၂)ရက်အတွင်း စစ်ကောင်စီတပ်များကို  KA၊ KNDF B/02၊ KNDF B/14၊ KNDF B/12၊ KNF ETDနှင့် Loikaw PDFတို့ ပူးပေါင်းကာ စစ်ကြောင်းများခွဲ၍ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၂၀)ဦးထက်မနည်း သေဆုံးခဲ့ပြီး ၎င်းတို့ထံမှ MA-1 (၅)လက်၊ MA-2 စက်ကလေး (၁)လက်၊ MA-3 (၂)လက် အပါအဝင် ဆက်စပ်ခဲယမ်းမီးကျောက်များနှင့် အသုံးအဆောင်ပစ္စည်းများအား သိမ်းဆည်းရရှိခဲ့သည့်အပြင် စစ်သုံးကားတစ်စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ထို့အပြင် စစ်ကောင်စီတပ်များမှာ ဖယ်ခုံ–မိုးဗြဲ လမ်းမကြီးမှတစ်ဆင့် လွိုင်ကော်သို့ ဦးတည်၍ စစ်ယာဥ်တန်းကားများဖြင့် အင်အားဖြည့် ဝင်ရောက်ခဲ့ရာတွင်လည်း မိုးဗြဲမြို့အထွက် လမ်းမကြီးတလျှောက်တွင် KNDF B/03နှင့်အတူ မိတ်ဖက်တပ်ဖွဲ့များမှ ကြားဖြတ်၍ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ကရင်နီပြည်နယ်အတွင်းသို့ စစ်ကောင်စီတပ်များသည် ဖယ်ခုံ–မိုးဗြဲ –လွိုင်ကော် လမ်းမကြီးအားအသုံးပြု၍ စစ်ယာဥ်တန်းကားများအပြင် အရပ်သားကားများအား အသွင်ယူ၍ အသုံးပြုကာ ဝင်ရောက်ခဲ့ပြီး အဆိုပါလမ်းမကြီးတစ်လျှောက် ကရင်နီပူးပေါင်းတပ်များမှ ကြားဖြတ်တိုက်ခိုက်ခဲ့သောကြောင့် တိုက်ပွဲများ နေ့စဉ်နီးပါး ဖြစ်ပွားခဲ့သည်ဟု သိရသည်။

လွိုင်ကော်–မိုးဗြဲ–ဖယ်ခုံ လမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့များမှ စစ်ရေးလှုပ်ရှားမှုများ ဆက်၍ ပြုလုပ်လျက် ရှိနေသေးသောကြောင့် ပူးပေါင်းတပ်များနှင့် ထိတွေ့မှုများ ရှိနိုင်သည့်အတွက် အဆိုပါ လမ်းမကြီးအား အသုံးပြု၍ သွားလာနေကြသော ပြည်သူများအနေဖြင့် စစ်ရေးအသိ၊ သတိရှိစွာဖြင့် လုံခြုံရေးအား အလေးထား သွားလာကြရန် အသိပေးထားသည်။

#TachileikNewsAgency

Photo : KNDF