ဘောလခဲမြို့နယ်အတွင်း မယ်စလောင်းတောင်ကုန်းရှိ စစ်အုပ်စု၏ တပ်စခန်း သိမ်းပိုက်ရရှိ၊ အာဏာသိမ်းစစ်သားများ ကြောက်လန့်တကြား ထွက်ပြေးသွားကြ

ဘောလခဲမြို့နယ်အတွင်း မယ်စလောင်းတောင်ကုန်းရှိ စစ်အုပ်စု၏ တပ်စခန်း သိမ်းပိုက်ရရှိ၊ အာဏာသိမ်းစစ်သားများ ကြောက်လန့်တကြား ထွက်ပြေးသွားကြ
ဇန်နဝါရီ 21, 2023 | 2021 Military Coup| ကယား

 ကရင်နီ(ကယား)ပြည်နယ်၊ ဘောလခဲမြို့နယ်၊ နန်းဖဲကျေးရွာအနီးရှိ မယ်စလောင်းတောင်ကုန်းပေါ်တွင် တပ်ချထားသည့် အာဏာသိမ်းစစ်အုပ်စု၏ တပ်စခန်းကို ၂၀၂၃ခုနှစ် ဇန်နဝါရီလ (၂၀)ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက်များစွာ သိမ်းဆည်းရရှိခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (Karenni Nationalities Defense Force-KNDF )၏ ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက သတင်း ထုတ်ပြန်ထားသည်။

၎င်းတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး စခန်းအတွင်းရှိ စစ်ကောင်စီတပ်သား (၅)ဦး၏ အလောင်းကိုလည်း ရှင်းလင်းခဲ့ရပြီး ကျန်တပ်သားများမှာ စခန်းအား စွန့်ခွာထွက်ပြေးသွားကြောင်း သိရသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဖက်မှ တိုက်လေယာဥ်(၁)စီးဖြင့် (၃)ကြိမ် လာရောက်ပစ်ကူပေးခဲ့ပြီး ဘောလခဲမြို့အခြေစိုက်တပ်များဖက်မှလည်း လက်နက်ကြီးများ အသုံးပြုကာ ပစ်ကူပေးခဲ့သော်လည်း ပူးပေါင်းတပ်က စခန်းကုန်းအားသိမ်းပိုက်၍ မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။

စခန်းသိမ်းတိုက်ပွဲအပြီး စစ်ကောင်စီတပ်ဖွဲ့များ အသုံးပြုခဲ့သော (၆၀)မမ စိန်ပြောင်း (၂)လက်၊ RPG (၁)လက် ၊ MA-1 (၁)လက် ၊MA -2 (၁)လက် ၊ MA-3 (၁)လက် ၊ MA-4 79တွဲ (၁)လက် ၊ 9mm (၁)လက် ၊ ငါကြင်းမြီး (၁)လက် ၊ စနှိုက်ဖာ (၁)လက် ၊ မိုင်းများ ၊ ခဲယမ်းကျည်ဆံများ ၊ အခြားအသုံးအဆောင် ပစ္စည်များအား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

မယ်စလောင်းတောင်စခန်းကုန်းအား သိမ်းပိုက်နိုင်ခဲ့သည့် တိုက်ပွဲအတွင်း ကရင်နီတပ်မတော် (KA)မှ ရဲဘော် (၁)ဦး ကျဆုံးခဲ့ရ ကြောင်း သိရသည်။ 

 

တိုက်ခိုက်မှုကို Karenni Commando၊ ကရင်နီတပ်မတော်( Karenni Army -KA ) နှင့်  ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (Karenni Nationalities Defense Force-KNDF )များဖြစ်သည့် KNDF B(15)၊ KNDF B(16)၊  KNDF B (09) အပါအဝင် Loikaw PDF၊ DMO PDF တို့ပူးပေါင်းကာ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

Photo: KNDF