တန့်ဆည်မြို့သိမ်းနိုင်သည့် သတင်းမှားများပြန့်နှံ့ ကာကွယ်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ပြီး ပြန်ဆုတ်

တန့်ဆည်မြို့သိမ်းနိုင်သည့် သတင်းမှားများပြန့်နှံ့ ကာကွယ်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ပြီး ပြန်ဆုတ်
နိုဝင်ဘာ 22, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ပေါ်ရှိ စစ်ကောင်စီတပ်များ တပ်စွဲထားသောနေရာများကို ပြည်သူ့ကာကွယ်ရေးတပ်များက ယနေ့ ၂၀၂၃ခုနှစ် နိုင်ဝင်ဘာလ (၂၂)ရက်နေ့ နံနက်ပိုင်းတွင် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်များထံမှ သိရသည်။

စစ်ကောင်စီတပ်များ တပ်စွဲထားသည့် နေရာ(၄)ခုကို ပြည်သူ့ကာကွယ်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်ဟု သိရသည်။

“လက်ရှိတော့ မြို့ပေါ် ပြည်သူတွေ ထွက်ပြေးလာကြတယ်။ အားလုံးပေါ့။ မြို့သိမ်းနိုင်ပြီဆိုတာ သတင်းမှားပါ။ စစ်အုပ်စုရဲ့ နေရာတွေကိုသိမ်းပြီး ပြန်လာခဲ့ကြတာပါ။ နေရာယူပြီး တပ်စွဲထားတာမရှိပါဘူး။ လေကြောင်းက အန္တရာယ်ရှိသေးတယ်လေ။ Sold outတာလို့ ပြောဖို့ ရာခိုင်နှုန်းနည်းပါတယ်။ စစ်ကောင်စီတပ်က  ပြန်လာနိုင်တာပဲလေ။”ဟု Platt Support Forceမှ ထောက်ပို့ရဲဘော်တစ်ဦးက Tachileik News Agencyကိုပြောသည်။

တန့်ဆည်မြို့တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် ကန့်ဘလူဘက်က သင်္ကန်းဝတ် ဦးဝါသဝဦးဆောင်သည့် ပျူစောထီးတပ်ဖွဲ့မှ အင်အား(၃၀)ဝန်းကျင်သည် တန့်ဆည်မြို့ဘက်သို့ စစ်ကူလာနေသည့်အပြင် လေကြောင်းအန္တရာယ်ကြောင့် ဒေသခံများ မြို့ပြင်သို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။

ဒေသကာကွယ်ရေးတပ်များက စစ်ကောင်စီတပ်များတပ်စွဲထားသည့် ပြည်သူ့ဆေးရုံကြီး၊ အထွေထွေအုပ်ချုပ်‌ရေးမှူးရုံး၊ ဝန်ထမ်းအိမ်ရာနှင့် အထက(၁)တို့ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အခုက မြို့ကိုအဝင်မရှိဘူး။ ထွက်နေကြတာ အလျှိုလျှိုပဲ။ လေယာဥ်အန္တရာယ်ကြောက်ကြတယ်ဗျ။ ဒေသခံတွေအနေနဲ့က စစ်ကြောင်းနဲ့ ဝေးဝေးနေကြဖို့ပေါ့။ လက်နက်သံကြားရင် အကာအကွယ်ကောင်းတဲ့နေရာမှာ နေရာယူကြဖို့။ စစ်ကြောင်းသတင်းကို နားစွန့်နေပေးကြဖို့ ပြောချင်ပါတယ်။”ဟု ၎င်းကဆက်ပြောသည်။

တန့်ဆည့်မြို့တိုက်ပွဲနှင့်ပတ်သက်ပြီးလည်း လူမှုကွန်ယက်စာမျက်နှာတွင် သတင်းမှားများတက်နေပြီး လက်ရှိတွင် တိုက်ပွဲများငြိမ်နေသော်လည်း ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း တန့်ဆည်ပကဖက Tachileik News Agencyကိုပြောသည်။

တိုက်ခိုက်မှုကို အမှတ်(၁) စစ်ဒေသ၊ ရွှေဘိုခရိုင်ကွပ်ကဲရေး၏ ဦးဆောင်မှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် ရွှေဘိုခရိုင် တပ်ရင်း(၆)၊ တပ်ရင်း(၇)၊ တပ်ရင်း(၈)၊ တပ်ရင်း(၉)၊ တပ်ရင်း(၁၀)၊ တပ်ရင်း(၁၆)၊ တပ်ရင်း(၂၅)၊ တန့်ဆည်မြို့နယ်ပကဖ နှင့် ဒေသကာကွယ်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။

#TachileikNewsAgency