စစ်ကောင်စီတပ်က တစ်နိုင်ငံလုံးကို အကြမ်းဖက်နေစဉ် ကန့်ကွက်ကြောင်း မထုတ်ပြန်ရဲသည့် အဖွဲ့အစည်းများက လွိုင်ကော်တက္ကသိုလ် Non CDM များအား ဖမ်းဆီးသွားသည်ဟု စွပ်စွဲထုတ်ပြန်လာကြ 

စစ်ကောင်စီတပ်က တစ်နိုင်ငံလုံးကို အကြမ်းဖက်နေစဉ် ကန့်ကွက်ကြောင်း မထုတ်ပြန်ရဲသည့် အဖွဲ့အစည်းများက လွိုင်ကော်တက္ကသိုလ် Non CDM များအား ဖမ်းဆီးသွားသည်ဟု စွပ်စွဲထုတ်ပြန်လာကြ 
နိုဝင်ဘာ 16, 2023 | 2021 Military Coup| ကယား

ကျေးရွာများအား မီးရှို့၊ စာသင်ကျောင်းများနှင့် ဘုရားစေတီများတွင် စစ်ကောင်စီတပ်က တပ်စွဲ၊ စစ်ဘေးရှောင် စခန်းများအား လေကြောင်းမှပစ်ခတ်၍ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များသေဆုံးခဲ့စဉ် ကန့်ကွက်ကြောင်း စာမထုတ်ပြန်ရဲခဲ့သည့် စစ်ကောင်စီအောက်ကျို့ခံ အဖွဲ့အစည်းအသီးသီးသည် လွိုင်ကော်တက္ကသိုလ်မှ Non CDM ဆရာ၊ ဆရာမများအား တော်လှန်ရေးအဖွဲ့များက ဖမ်းဆီးသည်ဟုစွပ်စွဲကာ ကန့်ကွက်ကြောင်း ယမန်နေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁၅)ရက်နေ့တွင် အသီးသီးထုတ်ပြန်လာသည်။

ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်တက္ကသိုလ်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်များကို ကရင်နီအမျိုးသားတော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ရာ ပိတ်မိနေသည့် ဆရာ၊ ဆရာမများအား ကယ်ထုတ်ပေးခဲ့သော်လည်း စစ်ကောင်စီလော်ဘီများကမူ ပါမောက္ခချုပ်အားသတ်ကာ ဆရာ၊ ဆရာမများအား ဖမ်းဆီးသွားသည်ဟု မဟုတ်၊ မမှန်ဝါဒဖြန့်ကာ ကန့်ကွက်လာခြင်းဖြစ်သည်။

ကန့်ကွက်လာသည့် စစ်ကောင်စီအောက်ကျို့ခံအဖွဲ့အစည်းများမှာ ပြည်ထောင်စုမြန်မာနိုင်ငံ မက်သဒစ်အသင်းတော်(အောက်မြန်မာပြည်)၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့၊ ဗုဒ္ဓဘာသာကလျာဏယုဝအင်း(YMBA)၊ ပြည်ထောင်စုမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)၊ ယုံကြည်ခြင်းဧဝံဂေလိအသင်းတော်(ပဲခူး)၊ လွတ်မြောက်ခြင်းအသင်းတော်(ရန်ကုန်)၊ မြန်မာနိုင်ငံ ဧဝံဂေလိ ခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို)၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံ ဟာသပညာရှင်များအစည်းအရုံး၊ မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်၊ ပိန္နဲကုန်း ရခိုင်ဂျာမေဗလီ၊ ဘူးသီးတောင် မောင် တောဒေသဖွံ့ဖြိုးရေးအသင်း၊ မြန်မာနိုင်ငံ ပန်းချီ၊ ပန်းပုအစည်းအရုံး၊ မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ သနန္တဓမ္မပါလ(ဟိန္ဒူ)အဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး တို့ပါဝင်သည်။

၎င်းအဖွဲ့များသည် စစ်ရေးပစ်မှတ်မဟုတ်သော ပညာရေးဆိုင်ရာအဆောက်အဦးအား ပစ်မှတ်ထားတိုက်ခိုက်ခြင်းဟု သုံးနှုန်းထားပြီး စစ်ရေးပစ်မှတ်မဟုတ်သည့်နေရာတွင် စစ်ကောင်စီတပ်စွဲထားသည်ကိုမူ မသိကျိုးကျွံပြုဖော်ပြထားသည်ကို တွေ့ရသည်။

ထို့အပြင် အကြမ်းမဖက် CDM ပြုလုပ်သည့် ကျောင်းဆရာ၊ ဆရာမများကို ဖမ်းဆီးသတ်ဖြတ်စဉ်က မည်သည့်ထုတ်ပြန်ချက်မှ မထုတ်ပြန်ခဲ့သည့် ၎င်းအဖွဲ့များသည် ယခု Non CDM ဆရာ၊ ဆရာမများအား နေရာပြောင်းရွှေ့ပေးကြောင်း တော်လှန်ရေးအဖွဲ့အစည်းများမှ ထုတ်ပြန်လာခဲ့သော်လည်း ဖမ်းဆီးသည်ဟုသာ စွပ်စွဲထုတ်ပြန်နေကြခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁၃)ရက်နေ့တစ်နေ့လုံး လွိုင်ကော်တက္ကသိုလ်ဝန်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်အား တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ ခမရ (၄၂၅)တပ်ရင်းမှူးနှင့် ဒုရင်းမှူးအပါအဝင် တပ်ရင်းတစ်ရင်းလုံးနှင့် ခမရ(၆)၏ အင်အားတစ်ဝက်နီးပါး သေဆုံးခဲ့သည်။

ထို့နောက် နိုဝင်ဘာလ (၁၄)ရက်နေ့တွင် ခမရ (၆)မှ ကျန်ရှိတပ်ဖွဲ့ဝင်များအား လက်နက်ချအညံ့ခံရန် အခွင့်အရေးပေးခဲ့ပြီးနောက် တပ်ခွဲမှူး ကောင်းမြတ်ကိုဦးစီးသော စစ်ကောင်စီတပ်သား (၃၂)ဦး လက်နက်ချ အညံ့ခံခဲ့ကြောင်း သိရသည်။

၁၁.၁၁ စစ်ဆင်ရေး၏ အစိတ်အပိုင်းတစ်ခုအဖြစ် လွိုင်ကော်တက္ကသိုလ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ရင်း (၂)ရင်းမှ စစ်ကောင်စီတပ်ရင်းမှူးနှင့် ဒုရင်းမှူးများအပါအဝင် တပ်ဖွဲ့ဝင်အင်အား(၁၁၀)ကျော် သေဆုံးပြီး စစ်သုံ့ပန်း(၃၈)ဦး၊ လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ (၁၂၈)လက်နှင့် ခဲယမ်းပစ္စည်းများအား တော်လှန်ရေးတပ်ဖွဲ့ များက သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။ 

လက်နက်ချ အညံ့ခံသည့် စစ်ကောင်စီသုံ့ပန်းများအား KNDF၏ စစ်ဖက်ဆိုင်ရာ အက်ဥပဒေနှင့် သုံ့ပန်းဆိုင်ရာ မူဝါဒများအတိုင်း ခံစားခွင့်ပေးထားပြီး ကျန်းမာရေးစောင့်ရှောက်မှုများပါ အပြည့်အဝပေး၍ ထိန်းသိမ်းထားရှိကြောင်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency