မလေးရှားနိုင်ငံတွင် အမျိုးသမီးကြီးတစ်ဦး ဆော်ဒီအာရေဗီးယားနိုင်ငံသို့ အလည်သွားရန်အတွက် စုထားသည့် မလေးရှားငွေ (၃၀,၀၀၀) ခြကိုက်ခံရပြီး ကြေမွ ပျက်စီး

မလေးရှားနိုင်ငံတွင် အမျိုးသမီးကြီးတစ်ဦး ဆော်ဒီအာရေဗီးယားနိုင်ငံသို့ အလည်သွားရန်အတွက် စုထားသည့် မလေးရှားငွေ (၃၀,၀၀၀) ခြကိုက်ခံရပြီး ကြေမွ ပျက်စီး
ဇူလိုင် 30, 2023 | နိုင်ငံတကာသတင်း
By Mr John

မလေးရှားနိုင်ငံမှ အမျိုးသမီးကြီးတစ်ဦးသည်   ဆော်ဒီအာရေဗီးယားနိုင်ငံသို့ အလည်သွားရန်အတွက် ကတ်ထူပုံးထဲတွင် ငွေများ စုဆောင်း သိမ်းဆည်းထားခဲ့ရာမှ ခြစားသွားခဲ့မှုကြောင့် စက္ကူစုတ်များအဖြစ်သာ ကျန်ခဲ့ကြောင်း သူမ၏ မြေးဖြစ်သူက ဆိုရှယ်မီဒီယာတွင် ဖော်ပြထားသည်။ 

အမျိုးသမီးကြီးက ၂၀၂၄ ခုနှစ်တွင် ဆော်ဒီအာရေဗီးယားနိုင်ငံ မက္ကာမြို့သို့ ဟာ့ဂျ်ခရီးစဥ် သွားရောက်ရန် မလေးရှားရင်းဂစ်ငွေ (၃၀,၀၀၀)( အမေရိကန်ဒေါ်လာ ၆၅၀၀ ကျော် )ကို ကတ်ထူပုံးတစ်ခုအတွင်း စုဆောင်းသိမ်းဆည်းထားခြင်း ဖြစ်သည်။

အမျိုးသမီးကြီး၏ ကတ်ထူပုံးထဲမှ စုဆောင်းငွေများ ခြစားမှုကြောင့် ကြေမွပျက်စီးနေသည်ကို ရိုက်ကူးထားသော ဓာတ်ပုံတစ်ပုံအား မြေးဖြစ်သူ Khairul Azhar က ၂၀၂၃ခုနှစ် ဇူလိုင်လ (၂၄) ရက်နေ့တွင် Facebook ၌ တင်ခဲ့သည်။ 

Kelantan တွင် နေထိုင်သူ Khairul က အဘွား၏ ခြစားသွားသော ငွေများအနက်မှ ထက်ဝက်ကို လဲလှယ်နိုင်ရန် မျှော်လင့်ချက်ဖြင့် မလေးရှားဗဟိုဘဏ်သို့ ယူဆောင်သွားခဲ့သည်ဟု ပြောထားသည်။

ကျန်ရှိသည့် အခြား ငွေစက္ကူများမှာမူ လုံးဝ သုံးမရတော့သည်အထိ အစိတ်စိတ်အမွှာမွှာ ကြေမွနေကြောင်းလည်း ၎င်းက ဆိုသည်။ 

ယခုဖြစ်ရပ်အရ ထိုကဲ့သို့သော ငွေပမာဏကို အိမ်တွင် သိမ်းဆည်းမထားရန် သင်ခန်းစာရခဲ့ကြောင်းလည်း Khairul က ဖြည့်စွက် ပြောထားသည်။ 

၎င်း၏ Facebook ပို့စ်ကို မှတ်ချက်ရေးသားမှု (၃၀၀) ကျော်နှင့် ပြန်လည်မျှဝေမှု (၇၀၀) ကျော်ရှိကြောင်း ဇူလိုင်လ (၂၉) ရက်နေ့တွင် တွေ့ရသည်။

Khairul ၏ အဘွားကို ကိုယ်ချင်းစာနာကြောင်း မှတ်ချက်ရေးသူများရှိသလို ငွေများကို အိမ်တွင် သိမ်းဆည်းထားခြင်း ပြဿနာမဟုတ်သော်လည်း မည်သို့ သိမ်းဆည်းထားခြင်းက အဓိက ပြဿနာဖြစ်ကြောင်း ထောက်ပြကြသည်။ 

အိမ်တွင် ငွေများ သိမ်းဆည်းရန် ပိုကောင်းသည့် နည်းလမ်းမှာ ဘီစကစ်မုန့်ပုံးထဲ ထည့်ထားခြင်းဖြစ်ကြောင်း Facebook သုံးသူတစ်ဦးက ပြောထားသည်။ 

မှတ်ချက်ပေးသူ အများအပြားကမူ ဘဏ်တွင် အပ်နှံထားလျှင်ပင် လိမ်လည်ခံရနိုင်မှုကြောင့် ရွှေဝယ်ထားရန် အကြံပြုထားကြသည်။

 

Source: Straits Times