ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့၏ ဒုရဲချုပ် အဂတိလိုက်စားမှုတွင် အပြစ်ရှိနိုင်ကြောင်း စုံစမ်းစစ်ဆေးရေး ကော်မတီက ပြောကြား

ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့၏ ဒုရဲချုပ် အဂတိလိုက်စားမှုတွင် အပြစ်ရှိနိုင်ကြောင်း စုံစမ်းစစ်ဆေးရေး ကော်မတီက ပြောကြား
By Mr John

ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့၏ ဒုရဲချုပ်က အွန်လိုင်းလောင်းကစားနှင့် ဆက်နွယ်နေသော ငွေကြေးခဝါချမှုတွင် ပါဝင်ပတ်သက်ကြောင်း ကနဦး စုံစမ်းစစ်ဆေးမှုအရ တွေ့ရှိရသည်ဟု ထိုင်းဝန်ကြီးချုပ် ဆရတ်သာ သာဗီစင် ဖွဲ့စည်းထားသော ကော်မတီက ဆိုသည်။ 

ဝန်ကြီးချုပ် ဆရတ်သာက ဒုရဲချုပ် ရဲဗိုလ်ချုပ်ကြီး  Surachate Hakparn နှင့် ရဲချုပ် ရဲဗိုလ်ချုပ်ကြီး Torsak Sukvimol တို့၏ အမှုကိစ္စများကို စုံစမ်းစစ်ဆေးရန် ၂၀၂၄ ခုနှစ် မတ်လ (၂၀) ရက်နေ့တွင် ကော်မတီတစ်ရပ် ဖွဲ့စည်းတာဝန်ပေးခဲ့သည်။

ရဲချုပ်နှင့် ဒုရဲချုပ်တို့၏ ထောက်ခံသူများကြား အဂတိလိုက်စားမှုကိစ္စ အပြန်အလှန် စွပ်စွဲနေကြသည့် ကာလရှည်ကြာ လူသိရှင်ကြား ရန်ငြိုးဖွဲ့မှုရှိခဲ့ပြီးနောက် ဝန်ကြီးချုပ် ဆရတ်သာက ၎င်းတို့ (၂) ဦးလုံးကို အရေးမပါသော ရာထူးနေရာများသို့ ရွှေ့ပြောင်းလိုက်ပြီး ကော်မတီဖွဲ့ကာ စုံစမ်းစစ်ဆေးစေခဲ့သည်။ 

အဆိုပါ စုံစမ်းစစ်ဆေးရေး ကော်မတီကို ရဲချုပ်ဟောင်း ရဲဗိုလ်ချုပ်ကြီး Winai Thongsong က ဦးဆောင်ပြီး ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဟောင်း Chatchai Promlert နှင့် ဒုတိယ ရှေ့နေချုပ်ဟောင်း Chatipong Jiraphan တို့လည်း ပါဝင်သည်။

ကော်မတီ အနေဖြင့် ဒုရဲချုပ် ရဲဗိုလ်ချုပ်ကြီး Surachate မှာ BNK Master လောင်းကစားလုပ်ငန်းအတွက် ငွေကြေးခဝါချမှုတွင် ပါဝင်ပတ်သက်ခဲ့ကြောင်း သက်သေအထောက်အထားပေါ် အခြေခံ၍ ရာဇဝတ်မှု တရားရုံးနှင့် တညီတညွတ်တည်း သဘောတူခဲ့သည်။ 

ရဲချုပ် ပါဝင်နေသော အမှုကိစ္စမှ အချက်အလက် ရှာဖွေမှု ရလဒ်ကို စောင့်ဆိုင်းရန် မလိုအပ်ဘဲ ကော်မတီ၏ ကနဦး စုံစမ်းစစ်ဆေးမှု အစီရင်ခံစာကို ဝန်ကြီးချုပ်ထံ တင်ပြသွားမည်ဟု ရဲဗိုလ်ချုပ်ကြီး Winai က ဆိုသည်။

"စုံစမ်းစစ်ဆေးမှုက ရက် (၆၀) အတွင်း အပြီးသတ်မယ်လို့ ကျွန်တော် အာမခံပါတယ်" ဟု ၎င်းက ၂၀၂၄ ခုနှစ် ဧပြီလ (၅) ရက်နေ့တွင် ပြောခဲ့သည်။ 

အမှုများတွင် ပါဝင်ပတ်သက်သူ သို့မဟုတ် အမှုများနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များ ပေးအပ်ခဲ့သူ အပါအဝင် လူပုဂ္ဂိုလ် (၃၀) ဦးလုံးကို သတင်းအချက်အလက်နှင့် ကျန်ရှိနေသော သက်သေအထောက်အထားမှန်သမျှ ပေးအပ်ရန် ၂၀၂၄ ခုနှစ် ဧပြီလ (၁၀) ရက်နေ့တွင် ဆင့်ခေါ်သွားမည်ဟု ဆိုသည်။

စုံစမ်းစစ်ဆေးရေး ကော်မတီက ဆင့်ခေါ်သွားမည်သူများတွင် ရဲအရာရှိ အများအပြား လာဘ်ပေးလာဘ်ယူထားသည့် သက်သေအထောက်အထားများကို ရဲတပ်ဖွဲ့ထံ ပေးအပ်ခဲ့သည့် ပြည်သူ့ရှေ့နေများအဖွဲ့ People's Lawyers Foundation ၏ အတွင်းရေးမှူး ရှေ့နေ Sittra Biabungkerd လည်း ပါဝင်သည်။ 

ရဲချုပ် ရဲဗိုလ်ချုပ်ကြီး Tosak နှင့် ၎င်း၏ ဇနီးတို့နှင့် လောင်းကစားလုပ်ငန်းကြား ငွေလွှဲပြောင်းမှုများကို ဖော်ပြထားသည်ဆိုသော စာရွက်စာတမ်းများ ရရှိခဲ့သည့် အရင်းအမြစ်ကို ထုတ်ဖော်ပြောရန် ကော်မတီက ရှေ့နေ Sittra ကို မေးမြန်းသွားမည်ဟု ဆိုသည်။

"အမှုကိစ္စနဲ့ ဆက်စပ်နေကြောင်း တွေ့ရှိရတဲ့ အစိုးရဝန်ထမ်းတွေကိုရော လူပုဂ္ဂိုလ်တွေကိုရော မေးမြန်းဖို့ ကော်မတီမှာ အခွင့်အာဏာ လုပ်ပိုင်ခွင့် အပြည့်ရှိပါတယ်" ဟု စုံစမ်းစစ်ဆေးရေး ကော်မတီကို ဦးဆောင်သူ ရဲဗိုလ်ချုပ်ကြီး Winai က ပြောသည်။

ဒုရဲချုပ် ရဲဗိုလ်ချုပ်ကြီး Surachate နှင့် အခြားသူများကိုလည်း ၂၀၂၄ ခုနှစ် ဧပြီလ (၁၀) ရက်နေ့၌ပင် မေးမြန်းရန်အတွက် ဆင့်ခေါ်သွားမည် ဖြစ်သည်။ 



Source: Bangkok Post