ယူကရိန်းနှင့်အတူ စည်းလုံးညီညွတ်မှုရှိကြောင်း ပြသရန် ပြင်သစ်၊ ဂျာမနီနှင့် အီတလီ ခေါင်းဆောင်များ ကိဗ်မြို့သို့လာရောက်

Photo: Ludovic Marin/Pool via REUTERS
Photo: Ludovic Marin/Pool via REUTERS
ယူကရိန်းနှင့်အတူ စည်းလုံးညီညွတ်မှုရှိကြောင်း ပြသရန် ပြင်သစ်၊ ဂျာမနီနှင့် အီတလီ ခေါင်းဆောင်များ ကိဗ်မြို့သို့လာရောက်
By Mr John

ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်၊ ဂျာမန်အဓိပတိ အိုလက်ဖ်နှင့် အီတလီဝန်ကြီးချုပ် မာရီယိုဒရက်ဂီတို့က ရုရုားကို ခုခံတိုက်ခိုက်နေသည့် ယူကရိန်းနှင့်အတူ ရပ်တည်ကြောင်း ပြသရန် ကိဗ်မြို့တော်သို့ ဇွန်လ (၁၆) ရက်နေ့တွင် အတူတကွ ရောက်ရှိလာခဲ့သည်။ 

၎င်းတို့သုံးဦးက ယူကရိန်းသို့ ဇွန်လ (၁၅) ရက် ညပိုင်းတွင် ပိုလန်နိုင်ငံကနေ ရထားဖြင့် အတူတကွ ထွက်ခွာလာခဲ့ကြပြီး ဇွန်လ (၁၆) ရက်နေ့တွင် ရောက်ရှိလာခဲ့ကြခြင်း ဖြစ်သည်။

"ဒါက အရေးကြီးတဲ့ အခိုက်အတန့်ပါ။ ယူကရိန်းကို ဝိုင်းဝန်းကူညီဖို့ ကျွန်တော်တို့ စည်းလုံးမှုရှိကြောင်း သတင်းစကားပါးတာ ဖြစ်ပါတယ်။ လက်ရှိနဲ့ အနာဂတ် နှစ်ခုလုံးအကြောင်း ဆွေးနွေးကြဖို့ပါ။ သိတဲ့အတိုင်း လာမယ့် သီတင်းပတ်တွေမှာ အလွန်ခက်ခဲလာပါလိမ့်မယ်" ဟု ပြင်သစ်သမ္မတမက်ခရွန်က ယူကရိန်းကိုရောက်ရှိစဥ် ပြောခဲ့သည်။ 

ယူကရိန်းသမ္မတ ဗိုလိုဒီမြာ ဇီလန်းစကီးနှင့် တွေ့ဆုံဆွေးနွေးရာတွင် ရိုမေးနီးယားသမ္မတ ကလော့စ်အိုင်အိုင်ဟန်းနစ်ကလည်း ပြင်သစ်သမ္မတမက်ခရွန်၊ ဂျာမန်အဓိပတိအိုလက်ဖ်၊ အီတလီဝန်ကြီးချုပ်မာရီယိုတို့နှင့်အတူ ပါဝင်ခဲ့ကြောင်း သိရသည်။

"ကျွန်တော်တို့ ဒီကိုရောက်နေတယ်။ ကျွန်တော်တို့ အာရုံစိုက်ထားပါတယ်။ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေလုပ်ခဲ့တဲ့ စစ်ပွဲနေရာတစ်ခုကို သမ္မတဇီလန်းစကီးနဲ့အတူ ကျွန်တော်တို့ အတူသွားရောက်ကြပါမယ်" ဟု မက်ခရွန်က ပြောသည်။ 

ယူကရိန်းက (၂၇) နိုင်ငံ ပါဝင်သည့် ဥရောပသမဂ္ဂသို့ အဖွဲ့ဝင်ဖြစ်ရန် လျှောက်ထားခဲ့မှုအပေါ် လာမည့် သီတင်းပတ်အတွင်း ဥရောပသမဂ္ဂ ထိပ်သီးအစည်းအဝေးတွင် ဆွေးနွေးကြမည်ဖြစ်ရာ ထိုအစည်းအဝေး မတိုင်မီ ယခုခရီးစဥ်သွားရောက်ခြင်းက အကောင်းဆုံးဖြစ်မည်ဟု ခေါင်းဆောင်းများက ယူဆခဲ့ကြကြောင်း ပြင်သစ်သမ္မတနန်းတော် အရာရှိတစ်ဦးက ဆိုသည်။

ယူကရိန်းစစ်ပွဲအပေါ် ၎င်းတို့၏ တုံ့ပြန်မှုများနှင့် ပတ်သက်ပြီး ဝေဖန်မှုများကို ကျော်လွှားနိုင်ရန်လည်း ပြင်သစ်၊ ဂျာမနီနှင့် အီတလီ ခေါင်းဆောင်များက ရည်ရွယ်ပုံရသည်ဟု ဆိုသည်။ 

ဂျာမန်အဓိပတိ အိုလက်ဖ်က ယခုခရီးစဥ်မှာ ယူကရိန်းကို ဘဏ္ဍာရေးနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများအပြင် လက်နက်များအတွက်လည်း ကတိကဝတ်ပြုမှုကို ပြသရန်ဖြစ်သည်ဟု ပြောသည်။

ဇွန်လ(၁၅)ရက်နေ့ကလည်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ယူကရိန်းသမ္မတ ဗိုလိုဒီမြာ ဇီလန်းစကီးနှင့် ဖုန်းဆက်သွယ်မှုအတွင်း ယူကရိန်းအတွက် သင်္ဘောဖျက်ဒုံးကျည်စနစ်များ၊ အမြောက်ဒုံးကျည်များ၊ ဟောင်ဝစ်ဇာအမြောက်ကြီးများနှင့် ခဲယမ်းများ အပါအဝင် ဒေါ်လာ (၁) ဘီလီယံဖိုး လက်နက်ခဲယမ်းများ ပေးပို့ကူညီသွားမည်ဟု  ပြောကြားထားသည်။

ယူကရိန်းစစ်ပွဲနှင့် ပတ်သက်သည့် နောက်ဆုံးသိရှိရသော သီးခြားသတင်းတစ်ရပ်အရ နိုင်ငံအရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသရှိ တိုက်ပွဲများပြင်းထန်နေခဲ့သော Severodonetsk မြို့သို့ ရုရှားက အဝင်အထွက် လမ်းကြောင်းများအားလုံးကို ဖြတ်တောက်ပိတ်ဆို့ထားရာ ထိုမြို့ထဲတွင် အရပ်သား ၁၀,၀၀၀ ပိတ်မိနေကြကြောင်း သိရသည်။ 

Severodonetsk မြို့တွင် ရေပြတ်လပ်လာနေပြီး အထူးသဖြင့် ဓာတုဗေဒစက်ရုံအတွင်း ခိုလှုံနေသူများအတွက် သေရေးရှင်ရေးတမျှဖြစ်ကြောင်း ယူကရိန်းတာဝန်ရှိသူတွေက ပြောသည်။

Source: Reuters, BBC