နတ်ရွာစံ ဘုရင်မကြီး အဲလိဇဘက်သ်ကို ဂါရဝပြုရန် လာရောက်သည့် တရုတ်အစိုးရကိုယ်စားလှယ်အဖွဲ့ ခန်းမအတွင်း ဝင်ခွင့်မရ 

နတ်ရွာစံ ဘုရင်မကြီး အဲလိဇဘက်သ်ကို ဂါရဝပြုရန် လာရောက်သည့် တရုတ်အစိုးရကိုယ်စားလှယ်အဖွဲ့ ခန်းမအတွင်း ဝင်ခွင့်မရ 
စက်တင်ဘာ 17, 2022 | နိုင်ငံတကာသတင်း
By Mr John

နတ်ရွာစံ ဘုရင်မကြီး အဲလိဇဘက်သ်ကို ဂါရဝပြုရန် လာရောက်သည့် တရုတ်အစိုးရကိုယ်စားလှယ်အဖွဲ့ ခန်းမအတွင်း ဝင်ခွင့်မရ 

နတ်ရွာစံသွားသည့် ဒုတိယမြောက် အဲလိဇဘက်သ် ဘုရင်မကြီး (Queen Elizabeth II) ကို လာရောက်ဂါရဝပြုသည့် တရုတ်အစိုးရကိုယ်စားလှယ်အဖွဲ့ကို ဘုရင်မကြီး၏ ခေါင်းတလားထားရှိရာ Westminster ခန်းမအတွင်းသို့ ဝင်ခွင့်မပြုခဲ့ဟု နားလည်ရကြောင်း BBC သတင်းက ဖော်ပြသည်။ 

ဗြိတိန်အောက်လွှတ်တော်ဥက္ကဌ Sir Lindsay Hoyle က တရုတ်ကိုယ်စားလှယ်အဖွဲ့ကို Westminster ခန်းမအတွင်းသို့ ဝင်ခွင့်ပြုရန် ငြင်းဆိုခဲ့ပြီး တရုတ်အစိုးရက ဗြိတိန်လွှတ်တော်အမတ် (၄) ဦးနှင့် အထက်တန်းလွှာပုဂ္ဂိုလ် (၂) ဦးကို အရေးယူပိတ်ဆို့ထားမှုကြောင့်ဖြစ်ကြောင်း Politico သတင်းဝက်ဘ်ဆိုက်က ပထမဆုံး ဖော်ပြခဲ့သည်။

အဲလိဇဘက်သ် ဘုရင်မကြီး၏ ခေါင်းတလားကို စက်တင်ဘာလ (၁၉) ရက်နေ့တွင် ပြုလုပ်သွားမည့် နိုင်ငံတော်ဈာပနအခမ်းအနားမတိုင်မီ Westminster ခန်းမတွင်ထားရှိပြီး အများပြည်သူနှင့် နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များ လာရောက်ဂါရဝပြုနိုင်ရန် စီစဥ်ထားသည်။ 

သို့သော် တရုတ်ကိုယ်စားလှယ်အဖွဲ့ကိုမူ ခန်းမအတွင်း ဝင်ရောက်ခွင့်မပြုခဲ့ကြောင်း သတင်းထွက်ပေါ်လာခဲ့သည်။

ဗြိတိန်အောက်လွှတ်တော် (House of Commons) ကမူ လုံခြုံရေးကိစ္စများအပေါ် မှတ်ချက်မပေးကြောင်း BBC ကို ပြောခဲ့သည်။ 

ယမန်နှစ်အတွင်း တရုတ်နိုင်ငံက လွှတ်တော်ကိုယ်စားလှယ် (၇) ဦး အပါအဝင် ဗြိတိန် (၉) ဦးကို ခရီးသွားလာမှု တားမြစ်ပိတ်ပင်ပြီး ပိုင်ဆိုင်မှုများ ထိန်းချုပ်ထားခြင်းဖြင့် အရေးယူပိတ်ဆို့ခဲ့သည်။ 

တရုတ်အစိုးရက Uighur မွတ်စလင်မ်များကို ခွဲခြားဆက်ဆံပြီး ဖိနှိပ်နေကြောင်း စွပ်စွဲမှုကြောင့် ထိုသို့ အရေးယူပိတ်ဆို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တရုတ်အစိုးရ၏ ထိုလုပ်ရပ်ကို ဗြိတိန်လွှတ်တော်ကလည်း ဗြိတိန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးကို လွှတ်တော်သို့ ဝင်ရောက်ခွင့်ပိတ်ပင်ခြင်းဖြင့် တုံ့ပြန်ခဲ့သည်။ 

ယခုအခါ lying-in-state အစီအစဥ်ဖြင့် Westminster ခန်းမတွင်ထားရှိသော ဘုရင်မကြီး အဲလိဇဘက်သ်ကို ဂါရဝပြုလိုသည့် တရုတ်ကိုယ်စားလှယ်အဖွဲ့ကိုပါ ခန်းမအတွင်းသို့ ဝင်ခွင့်မပြုခဲ့ခြင်း ဖြစ်သည်။ 

ဗြိတိန်-တရုတ် ဆက်ဆံရေးမှာ တင်းမာနေပြီးသားဖြစ်ရာ ယခု တားမြစ်ပိတ်ပင်မှုက ပိုမိုထူးခြားမသွားနိုင်ဟု ဆိုသည်။

သို့သော် စက်တင်ဘာလ (၁၉) ရက်နေ့တွင် Westminster Abbey ဘုရားကျောင်း၌ ပြုလုပ်သွားမည့် ဘုရင်မကြီး အဲလိဇဘက်သ်၏ နိုင်ငံတော်ဈာပနအခမ်းအနားကို တရုတ်နိုင်ငံ၏ ဒုတိယသမ္မတ တက်ရောက်လာမည်ဟု မျှော်လင့်ရသည်။ 

သက်တော် (၉၆) နှစ်အရွယ် ဘုရင်မကြီး အဲလိဇဘက်သ်မှာ ဗြိတိန်၏ နန်းသက်အရှည်ကြာဆုံး ဘုရင်မဖြစ်ခဲ့ပြီး ယခုနှစ် ထီနန်းသက်တမ်း နှစ် (၇၀) ပြည့်မြောက်ခဲ့သည်။

အဲလိဇဘက်မှာ ၁၉၅၂ ခုနှစ် ဖေဖေါ်ဝါရီလ (၆) ရက်တွင် ဖခင်ဖြစ်သူ ဂျော့ဂျ်ဘုရင် (King George VI) ကွယ်လွန်ပြီးနောက် သူမ၏အသက် (၂၅) နှစ်အရွယ်၌ ဗြိတိန်ဘုရင်မ ဖြစ်လာခဲ့သည်။ 

ဘုရင်မကြီး အဲလိဇဘက်သ်မှာ စက်တင်ဘာလ (၈) ရက်နေ့က စကော့တလန်ရှိ Balmoral ရဲတိုက်တွင် နတ်ရွာစံသွားခဲ့ကြောင်း သိရသည်။ 

ဘုရင်မကြီး နတ်ရွာစံသွားရာ အကြီးဆုံးသားတော် ချားလ်စ်မင်းသားက အလိုအလျောက် ဘုရင်သစ်ဖြစ်လာခဲ့ပြီး ၎င်းကို တတိယမြောက် ချားလ်စ်ဘုရင် (King Charles III) ဟု သုံးနှုန်းခေါ်ဝေါ်ကြောင်း သိရသည်။

Source: Politico, BBC