အမေရိကန် သမ္မတဟောင်းထရမ့်၏ နေအိမ်ကို FBI က ဝင်ရောက်စီးနင်း 

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်  [ Photo: GETTY IMAGES ]
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် [ Photo: GETTY IMAGES ]
အမေရိကန် သမ္မတဟောင်းထရမ့်၏ နေအိမ်ကို FBI က ဝင်ရောက်စီးနင်း 
By Mr John

 

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်၏ ဖလော်ရီဒါပြည်နယ်ရှိ နေအိမ်ကို FBI အေးဂျင့်များက ရုတ်တရက် ဝင်ရောက်စီးနင်းရှာဖွေခဲ့ကြသည်ဟု သမ္မတဟောင်းက ပြောသည်။ 

ဖလော်ရီဒါပြည်နယ် Palm Beach မြို့ရှိ ၎င်း၏ Mar-a-Lago နေအိမ်တွင် FBI အေးဂျင့်အများအပြား ရောက်ရှိနေခဲ့ကြကြောင်း ထရမ့်က ဆိုသည်။

ယခု စီးနင်းရှာဖွေမှုမှာ ထရမ့်က ၎င်း၏လက်ထက် သမ္မတနှင့်သက်ဆိုင်သော တရားဝင် မှတ်တမ်းမှတ်ရာများကို အိမ်ဖြူတော်မှ Mar-a-Lago သို့ ရွှေ့ပြောင်းဖယ်ရှားခဲ့မှုကိစ္စနှင့် ဆက်စပ်သည်ဟု သတင်းထွက်ပေါ်ခဲ့သည်။ 

သမ္မတဟောင်းတစ်ဦး၏ နေအိမ်ကို FBI က မကြုံစဖူး စီးနင်းရှာဖွေမှုမှာ သမ္မတနှင့်သက်ဆိုင်သော မှတ်တမ်းများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှု သိသိသာသာ အရှိန်မြင့်လာမှုဟု ဆိုသည်။

ထရမ့်က ဖြစ်နိုင်ခြေရှိသည့် တတိယအကြိမ် သမ္မတရွေးကောက်ပွဲ ဝင်ရောက်ယှဥ်ပြိုင်မှုအဖြစ် ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်နေစဥ် FBI ၏ စီးနင်းရှာဖွေမှု ရှိလာခဲ့ခြင်းလည်း ဖြစ်သည်။ 

ဩဂုတ်လ (၈) ရက် ဒေသစံတော်ချိန် ညပိုင်းက Mar-a-Lago နေအိမ်ကို FBI က စီးနင်းရှာဖွေခဲ့စဥ် ထရမ့်မှာ နယူးယော့ခ်မြို့ရှိ Trump Tower တွင် ရှိနေခဲ့သည်ဟု CBS News  သတင်းဌာနက ဆိုသည်။

"ဒီအချိန်က ကျွန်တော်တို့နိုင်ငံအတွက် အမှောင်နေ့ရက်တွေပဲ။ ကျွန်တော့်ရဲ့ ဘေးကင်းလုံခြုံတဲ့ နေအိမ်ကိုတောင် သူတို့က အတင်းဝင်ရောက်ခဲ့ကြတယ်" ဟု သမ္မတဟောင်းထရမ့်က ပြောသည်။ 

"ဒီလို လုပ်ဆောင်မှုမျိုးက ပြိုလဲနေတဲ့ တတိယကမ္ဘာ့နိုင်ငံတွေမှာပဲ ဖြစ်နိုင်တာပါ။ ဝမ်းနည်းစရာကောင်းတာက အမေရိက က အခု အဲဒီလိုနိုင်ငံမျိုးတွေထဲက တစ်ခုဖြစ်လာခဲ့တယ်။ အရင်က မတွေ့ခဲ့ဖူးတဲ့ အကျင့်ပျက်ခြစားမှုပဲ" ဟု ၎င်းကဆိုသည်။

သမ္မတဟောင်းထရမ့်၏ နေအိမ်ကို စီးနင်းရှာဖွေမှုနှင့် ပတ်သက်၍ အမေရိကန်တရားရေးဌာန၊ ဝါရှင်တန်ရှိ FBI ဌာနချုပ်နှင့် မိုင်ယာမီရှိ FBI နယ်မြေရုံးတို့က မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့ကြကြောင်း Reuters သတင်းက ဖော်ပြထားသည်။ 

အမျိုးသားမော်ကွန်းဌာန National Archives ၏ ပြောကြားမှုအရ ထရမ့်၏ Mar-a-Lago နေအိမ်မှ စာရွက်စာတမ်းဘူး (၁၅) ဘူးကို ပြန်သိမ်းယူခဲ့ကြောင်းနှင့် အချို့ဘူးများတွင် လျှို့ဝှက်အဆင့် မှတ်တမ်းများပါဝင်ကြောင်း သိရသည်။

သမ္မတဟောင်းထရမ့်၏ သားတစ်ဦးဖြစ်သူ အဲရစ်ထရမ့်က Fox News သတင်းဌာနသို့ ပြောကြားရာတွင်လည်း FBI ၏ ဝင်ရောက်စီးနင်းမှုမှာ အိမ်ဖြူတော်မှ ထရမ့်ယူဆောင်လာခဲ့သည့် စာရွက်စာတမ်းဘူးများကို ရှာဖွေရန်ဖြစ်သည်ဟု ဆိုသည်။ 

၎င်း၏ဖခင်က ထိုကိစ္စနှင့်ပတ်သက်ပြီး အမျိုးသားမော်ကွန်းတိုက်နှင့် လနှင့်ချီကြာ ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟုလည်း အဲရစ်ထရမ့်က ပြောသည်။

Source: CNN, Reuters, BBC