အလုပ်လက်မဲ့ ရုရှားအမျိုးသားက ယာဥ်ထိန်းရဲဟန်ဆောင်ပြီး (၂) လကြာ ဝင်ရောက် လုပ်ကိုင်ခဲ့

အလုပ်လက်မဲ့ ရုရှားအမျိုးသားက ယာဥ်ထိန်းရဲဟန်ဆောင်ပြီး (၂) လကြာ ဝင်ရောက် လုပ်ကိုင်ခဲ့
ဇူလိုင် 29, 2023 | နိုင်ငံတကာသတင်း
By Mr John

 

ရုရှားနိုင်ငံတွင် အလုပ်လက်မဲ့ အမျိုးသားတစ်ဦးက ရဲတပ်ဖွဲ့ယူနီဖောင်းအတု ဝတ်ဆင်ကာ ယာဥ်ထိန်းရဲအရာရှိ အစစ်များနှင့်အတူ (၂) လကြာ လိုက်ပါကင်းလှည့်ပြီး ယာဥ်ထိန်းရဲဖြစ်ချင်သော ၎င်း၏အိပ်မက်ကို လက်တွေ့ အကောင်အထည်ဖော်ခဲ့ကြောင်း သိရသည်။ 

အလုပ်လက်မဲ့ဖြစ်မှုကြောင့် တစ်နေကုန် ထိုင်နေရသည်ကို ငြီးငွေ့စိတ်ကုန်လာသော ရုရှားနိုင်ငံ Stavropol နယ်မြေမှ အသက် (၄၈) နှစ်အရွယ် ဗစ်ခ်တာက တကယ့်အစစ်နှင့်တူသော ရဲယူနီဖောင်းအတုကို ဝယ်ယူခဲ့သည်။

ထို့နောက် ရဲအရာရှိအဖြစ် Pyatigorsky ကျေးရွာတွင် ပြုမူနေထိုင်ခဲ့သည်။ 

၎င်း၏ ယာဥ်ထိန်းရဲဝတ်စုံ၊ သရုပ်ဆောင်ကောင်းမှုနှင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတို့နှင့်အတူ ဗစ်ခ်တာက ထိုကျေးရွာ၏ လမ်းမများပေါ်တွင် ကင်းလှည့်ခဲ့သည်။ 

ယာဥ်ထိန်းရဲအရာရှိ ဟန်ဆောင်ထားသော ဗစ်ခ်တာက မဆင်မခြင် မောင်းနှင်သည့် ယာဥ်မောင်းများကို ရပ်တန့်စေပြီး ယာဥ်စည်းကမ်း အမျိုးမျိုးကို ပညာပေးနေခဲ့သည်ဟု ဆိုသည်။

ဗစ်ခ်တာက မည်သည့်အတွက် ယာဥ်ထိန်းရဲအလုပ်ကို ရွေးချယ်ခဲ့ကြောင်း သို့မဟုတ် ထိုသို့ လုပ်ဆောင်ခဲ့စဥ်အတွင်း ယာဥ်မောင်းများထံမှ လာဘ်ယူခဲ့ခြင်းရှိ မရှိ အတိအကျ မသိရပေ။ 

သို့သော် ဗစ်ခ်တာ၏ ယာဥ်ထိန်းရဲအဖြစ် ဟန်ဆောင်ထားသည့် အလုပ်မှာ ကာလရှည်ကြာခဲ့ခြင်းမရှိဘဲ (၂) လအကြာတွင် Stavropol ယာဥ်ထိန်းရဲတပ်ဖွဲ့က ၎င်း၏သရုပ်မှန်ကို ဖော်ထုတ်သိရှိသွားခဲ့သည်။

ယာဥ်ထိန်းရဲတပ်ဖွဲ့က Pyatigorsky ကျေးရွာရှိ Pervomaiskaya လမ်းပေါ်တွင် ကင်းလှည့်နေသော ယာဥ်ထိန်းရဲများ၏ ခန္ဓာကိုယ်၌ တပ်ဆင်ထား ကင်မရာက ရိုက်ကူးထားသည့် ဗီဒီယိုကို စစ်ဆေးခဲ့ရာ တရားဝင် မှတ်တမ်းအရ ယာဥ်ထိန်းရဲ (၄) ဦးသာ ဖြစ်သော်လည်း (၅) ဦးကို မြင်ခဲ့ရသည်။ 

ထို့အတူ (၅) ဦးမြောက် ယာဥ်ထိန်းရဲအရာရှိ၏ ကင်မရာမှ ဗီဒီယိုဖိုင်ကိုလည်း မတွေ့ခဲ့ဘဲ ထိုရဲအရာရှိမှာ မည်သူဖြစ်ကြောင်း စစ်ဆေးခဲ့ချိန်တွင် ရဲတပ်ဖွဲ့ဝင်မဟုတ်ကြောင်း တွေ့ရှိခဲ့သည်။

စုံစမ်းစစ်ဆေးမှုများအရ ဗစ်ခ်တာက ၂၀၂၃ ခုနှစ် မေလနောက်ပိုင်း ယာဥ်ထိန်းရဲအရာရှိ အစစ်များနှင့်အတူ အနည်းဆုံး (၅) ကြိမ် လိုက်ပါကင်းလှည့်ခဲ့ကြောင်း သိရသည်။ 

ထိုယာဥ်ထိန်းရဲအစစ် (၄) ဦးက ဗစ်ခ်တာနှင့် ပတ်သက်၍ ထူးဆန်းမှုတစ်စုံတရာကို မပြောခဲ့ကြဟု ဆိုသည်။ 

ယာဥ်ထိန်းရဲဖြစ်ချင်သော ဗစ်ခ်တာက ရဲအရာရှိအဖြစ် ဟန်ဆောင်မှုကို ဝန်ခံခဲ့ပြီး ၎င်းကို ယာဥ်စည်းကမ်းချိုးဖောက်မှု၊ ရဲအရာရှိယူနီးဖောင်း တရားမဝင် ဝတ်ဆင်မှုနှင့် ရဲတပ်ဖွဲ့ တာဝန်များကို နှောင့်ယှက်မှုတို့ဖြင့် စွဲချက်တင်ခဲ့ကြောင်း ရုရှားအွန်လိုင်းသတင်းဌာန Baza ၏ Telegram တွင် ၂၀၂၃ ခုနှစ် ဇူလိုင်လ (၂၈) ရက်နေ့က ဖော်ပြထားသည်။

#TachileikNewsAgency

Source: Base Telegram, OddityCentral