အတ္တလန္တိတ်သမုဒ္ဒရာတွင် မှောက်သွားသည့် ရွက်လှေအတွင်း (၁၆) နာရီကြာ အသက်ရှင်နေနိုင်ခဲ့သည့် ပြင်သစ်အမျိုးသား

အတ္တလန္တိတ်သမုဒ္ဒရာတွင် မှောက်သွားသည့် ရွက်လှေအတွင်း (၁၆) နာရီကြာ အသက်ရှင်နေနိုင်ခဲ့သည့် ပြင်သစ်အမျိုးသား
By Mr John

အသက် (၆၂) နှစ်အရွယ် ပြင်သစ်အမျိုးသားကြီးတစ်ဦးက ၎င်း၏ရွက်လှေ မှောက်သွားပြီးနောက် ရွက်လှေကိုယ်ထည်အတွင်း လေမှုတ်ပူဖောင်းတစ်ခုသုံးပြီး ပင်လယ်သမုဒ္ဒရာ ရေပြင်တွင် (၁၆) နာရီကြာ အသက်ရှင်နေနိုင်ခဲ့ကြောင်း သိရသည်။ 

(၃၉) ပေရှည်သည့် လှေမှာ ပေါ်တူဂီနိုင်ငံ၏ မြို့တော် လစ္စဘွန်းမြို့မှ ထွက်ခွာသွားခဲ့ပြီးနောက် ဩဂုတ်လ (၁) ရက် ညပိုင်းတွင် အတ္တလန္တိတ်သမုဒ္ဒရာထဲမှ ဘေးဒုက္ခကြုံနေကြောင်း အချက်ပြဆက်သွယ်ခဲ့သည်ဟု ဆိုသည်။

စပိန်ကမ်းခြေစောင့်တပ်ဖွဲ့က မှောက်သွားသည့် ရွက်လှေကို လိုက်လံရှာဖွေပြီး တွေ့ရှိခဲ့သော်လည်း ထိုအမျိုးသားကို ကယ်ဆယ်ရန် လှိုင်းထန်နေမှုကြောင့် နံနက်ရောက်ချိန်အထိ စောင့်ဆိုင်းခဲ့ကြရသည်။ 

ပြင်သစ်အမျိုးသား၏ အသက်ရှင်မှုမှာ မဖြစ်နိုင်သည့်အခြေအနေနီးပါး ဖြစ်ခဲ့သည်ဟု ကမ်းခြေစောင့်တပ်ဖွဲ့မှ ရေငုပ်သမားများက ဆိုသည်။

ထိုရွက်လှေက ဩဂုတ်လ (၁) ရက် ည (၁၀) နာရီ (၂၃) မိနစ်တွင် ဘေးဒုက္ခကြုံနေကြောင်း အချက်ပြဆက်သွယ်ခဲ့ကြောင်းနှင့် ရွက်လှေ၏တည်နေရာမှာ Sisargas ကျွန်းစုမှ (၁၄) မိုင်အကွာတွင်ဖြစ်ပြီး စပိန်နိုင်ငံ အနောက်တောင်ပိုင်း Galicia နယ်မြေအနီးတွင် ဖြစ်သည်။ ရေငုပ်သမား (၅) ဦး လိုက်ပါသွားသည့် ကယ်ဆယ်ရေးသင်္ဘောနှင့် ရဟတ်ယာဥ် (၃) စီးကို ထိုနေရာသို့ စေလွှတ်ရှာဖွေခဲ့ပြီး ပြင်သစ်အမျိုးသားကို ကယ်ဆယ်ခဲ့ကြောင်း သိရသည်။

ရေငုပ်သမားတစ်ဦးက မှောက်နေသည့် ရွက်လှေ၏ ကိုယ်ထည်ပေါ်သို့တက်ကာ အသက်ရှင်နေသည့်လက္ခဏာရှိ မရှိ စစ်ဆေးခဲ့ရာ ရွက်လှေကိုယ်ထည်အတွင်းဘက်မှ ထုရိုက်တုံ့ပြန်ခဲ့သည်ဟု ဆိုသည်။ 

ထိုအချိန်တွင် ပင်လယ်သမုဒ္ဒရာ၌ လှိုင်းထန်နေခဲ့ပြီး နေဝင်သွားချိန်ဖြစ်ရာ ကယ်ဆယ်ရေးအဖွဲ့က မှောက်နေသည့်ရွက်လှေကို နစ်မြုပ်မသွားစေရန် လေဘောလုံးများနှင့်တွဲလျက်ထားကာ နံနက်မိုးလင်းချိန်အထိ စောင့်ဆိုင်းနေခဲ့ကြရသည်။

နောက်တစ်နေ့ နံနက်တွင် ရေငုပ်သမား (၂) ဦးက မှောက်နေသည့် ရွက်လှေ၏ အောက်ဘက်သို့ ရေငုပ်သွားရောက်ခဲ့ပြီး ပြင်သစ်အမျိုးသားကြီးကို အပြင်ထွက်နိုင်ရန် ကူညီပေးခဲ့ကြသည်။ 

ထိုအမျိုးသားကြီးက အသက်ကယ်ဝတ်စုံ (neoprene survival suit) ဝတ်ဆင်ထားပြီး ၎င်း၏ဒူးခေါင်းအထိ ရေနစ်မြုပ်နေခဲ့သည်ကို တွေ့ရသည်။ 

ကယ်ဆယ်ရေးအဖွဲ့က ၎င်းကို လိုအပ်သည့် ကျန်းမာရေးစစ်ဆေးရန် ရဟတ်ယာဥ်ဖြင့် ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

Source: BBC