ပါကစ္စတန်တွင်  ရေကြီးမှုကြောင့် (၃) လအတွင်း လူ (၈၀၀) ကျော် သေဆုံးခဲ့

ပါကစ္စတန်တွင်  ရေကြီးမှုကြောင့် (၃) လအတွင်း လူ (၈၀၀) ကျော် သေဆုံးခဲ့
သြဂုတ် 25, 2022 | နိုင်ငံတကာသတင်း
By Mr John

ပါကစ္စတန်နိုင်ငံတွင် စံချိန်တင် မုတ်သုန်မိုးသည်းထန်ပြီး ရေကြီးမှုများကြောင့် ကပ်ဘေးဒုက္ခကြီးတစ်ခု ဖြစ်ပေါ်ခဲ့ပြီး ဇွန်လမှစ၍ ယခုအချိန်အထိ လူ (၈၀၀) ကျော် သေဆုံးခဲ့ကြောင်းနှင့် ရေကြီးမှုကို ဖြေရှင်းဆောင်ရွက်ရာတွင် နိုင်ငံတကာမှ အကူအညီပေးကြရန် ပါကစ္စတန် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဝန်ကြီးက ဩဂုတ်လ (၂၄) ရက်နေ့တွင် ပြောသည်။

နှစ်စဥ် မုတ်သုန်မိုးရွာသွန်းမှုမှာ အိန္ဒိယတိုက်ငယ်တစ်ခွင် ကောက်ပဲသီးနှံစိုက်ခင်းများ ရေရရှိမှုနှင့် ကန်များနှင့်ဆည်များ ရေဖြည့်တင်းမှုတို့အတွက် မရှိမဖြစ် အရေးပါသော်လည်း မိုးသည်းထန်မှုကြောင့် နှစ်စဥ်နှစ်တိုင်း ပျက်စီးဆုံးရှုံးများလည်း ဖြစ်ပေါ်နေသည်။ 

ပါကစ္စတန်နိုင်ငံ၏ နေရာအတော်များများတွင် ဩဂုတ်လ (၂၄) ရက်နေ့က ဆက်လက် မိုးသည်းထန်နေပြီး လွန်ခဲ့သည့် (၂၄) နာရီအတွင်း ကလေးငယ် (၉) ဦး အပါအဝင် နောက်ထပ် လူတစ်ဒါဇင်ကျော် သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက ပြောသည်။

"အခုဆို မိုးရွာနေတာ တစ်လကြာပြီ။ ဘာမှမကျန်တော့ဘူး" ဟု မုတ်သုန်မိုးသည်းထန်မှု ဆိုးရွားစွာ ကြုံခဲ့ရသည့် Balochistan ပြည်နယ် Jaffarabad ခရိုင်တွင် Khanzadi အမည်ရှိ ဒေသခံ အမျိုးသမီးတစ်ဦးက AFP သတင်းဌာနကို ဖွင့်ဟခဲ့သည်။

 "ကျွန်မတို့မှာက ဆိတ်တစ်ကောင်ပဲရှိခဲ့တာ။ အဲဒါကလည်း ရေနစ်သေသွားခဲ့တယ်လေ။ အခု ကျွန်မတို့မှာ ဘာမှမရှိတော့ဘူး။ လမ်းဘေးမှာ ငတ်နေတာပေါ့" ဟု ၎င်းက ပြောသည်။

မုတ်သုန်မိုးကြောင့် ပျက်စီးဆုံးရှုံးမှု အခြေအနေကို အကဲဖြတ်ပြီးပါက အာဏာပိုင်များအနေဖြင့် နိုင်ငံတကာအကူအညီ တောင်းခံသွားမည်ဖြစ်ကြောင်း ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဝန်ကြီး Sherry Rehman က ဆိုသည်။ 

Global Climate Risk Index အညွှန်းကိန်းအရ ပါကစ္စတန်မှာ ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုကြောင့် ဆိုးရွားပြင်းထန်သည့် မိုးလေဝသအခြေအနေ အကြုံနိုင်ဆုံး နိုင်ငံများစာရင်း၏ နံပါတ် (၈) နေရာတွင်ရှိနေကြောင်းလည်း သိရသည်။

Source: AFP

Photo: Photo: AFP/Shahid Ali, AFP/Fida Hussain, Getty, Akram SHAHID / AFP,  EPA-EFE