ထိုင်းနိုင်ငံ ဘန်ကောက်ရှိ KTV နှင့် ဘားတွင် Happy Water အပါအဝင် မူးယစ်ဆေးဝါးများ နှင့် တရုတ်နိုင်ငံသားများကို ဖမ်းမိ

ထိုင်းနိုင်ငံ ဘန်ကောက်ရှိ KTV နှင့် ဘားတွင် Happy Water အပါအဝင် မူးယစ်ဆေးဝါးများ နှင့် တရုတ်နိုင်ငံသားများကို ဖမ်းမိ

 ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Huai Khwang ဒေသရှိ New Petchaburi လမ်းပေါ်အနီး ဖွင့်လှစ်ထားသည့် Diamond ကာရာအိုကေနှင့် ဘားဆိုင်ကို ၂၀၂၃ခုနှစ် ဇွန်လ (၂) ရက်နေ့ နံနက်အစောပိုင်းတွင် ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့စဥ် တရုတ်နိုင်ငံသား ခရီးသွား (၅၀) နီးပါးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး တရားမဝင် မူးယစ်ဆေးဝါး အများအပြား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ 

ဒေသစံတော်ချိန် ဇွန်လ (၂) ရက်နေ့ နံနက် (၃) နာရီတွင် ဝင်ရောက်စီးနင်းမှုအတွင်း အမျိုးသား (၃၀) ဦးနှင့် အမျိုးသမီး (၁၈)ဦးကို ကာရာအိုကေ အခန်း (၄)ခန်းတွင် တွေ့ရှိခဲ့ရကြောင်း ကလေးသူငယ်နှင့် အမျိုးသမီးများ ကာကွယ်ရေးဌာန၏ အကြီးအကဲ ရဲဗိုလ်ချုပ် Thirasak Chantrapipat က ပြောသည်။

အဆိုပါ ကာရာအိုကေနှင့် ဘားဆိုင်ကို ဝင်ရောက်စီးနင်းမှုအတွင်း အနည်းဆုံး မူးယစ်ဆေးဝါး (၄) မျိုး (ကိုကင်း၊ ကက်တမင်း၊ အက်စတာစီနှင့် Happy Water ) နှင့်အတူ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုရသည့် ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။ 

မူးယစ်ဆေးဝါးသုံးစွဲထားခြင်းရှိ မရှိ ဆေးစစ်ပြီးနောက် တရုတ်ခရီးသွားများကို မူးယစ်ဆေးဝါးအမှုဖြင့် စွဲချက်တင်ခဲ့ကြောင်း သိရသည်။

Diamond ကာရာအိုကေနှင့် ဘားဆိုင်သည် ဝင်ငွေမြင့်မားသော လူချမ်းသာများကို ဝန်ဆောင်မှုပေးနေသည့် နေရာဖြစ်သည်။ 

ထိုဆိုင်တွင် ဆိုင်ဖွင့်ချိန်မှ နောက်တစ်နေ့ နံနက်အထိ (၆) နာရီကြာ ဝန်ဆောင်မှုအတွက် ဘတ် (၁၀၀,၀၀၀) ပေးရကြောင်း Khaosod English သတင်းက ဖော်ပြသည်။ 

Diamond ကာရာအိုကေနှင့် ဘားဆိုင်၏ အခန်းတစ်ခန်းစီတွင် ကိုယ်ပိုင် DJ နှင့် ဝန်ဆောင်မှုပေးသည့် ဝန်ထမ်းများရှိသည်။ 

အခန်းများကို ကြိုတင်စာရင်းပေး မှာကြားရသည်ဟု ဆိုသည်။

တရုတ်ခရီးသွားများ လူဝင်မှုကြီးကြပ်ရေးဥပဒေကို ချိုးဖောက်ခဲ့ခြင်းရှိ မရှိနှင့် Diamond ကာရာအိုကေနှင့် ဘားဆိုင်က ၎င်း၏စားသုံးသူများကို မူးယစ်ဆေးဝါး ထောက်ပံ့ပေးခဲ့ခြင်းရှိ မရှိ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေသည်ဟု ဆိုသည်။

 ရဲတပ်ဖွဲ့က ယခု ဝင်ရောက်စီးနင်းခဲ့သည့် ဆိုင်နှင့် ပတ်သက်၍ သတင်းအချက်အလက်များကို (၂) ပတ်ကြာ စုဆောင်းရယူခဲ့ကြောင်းနှင့် ထိုဆိုင်၏ ဝန်ဆောင်မှုမှာ နာမည်ကြီး Jinling ဘားဆိုင်နှင့် တူညီကြောင်း ရဲဗိုလ်ချုပ် Thirasak က ပြောသည်။

၂၀၂၂ ခုနှစ် အောက်တိုဘာလ (၂၆) ရက်နေ့က ဘန်ကောက်မြို့ Yannawa ခရိုင် Charoen Rat လမ်းပေါ်ရှိ အဆောက်အအုံ (၃) ခုတွင် တရားမဝင် ဖွင့်လှစ်ထားသော Jinling ကာရာအိုကေနှင့် ဘားဆိုင်ကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့သည်။ 

ထိုစီးနင်းမှုအတွင်း မူးယစ်ဆေးဝါးသုံးစွဲထားသော တရုတ်နိုင်ငံသား (၉၉) ဦး အပါအဝင် စားသုံးသူ (၁၀၄) ဦးကို တွေ့ရှိထိန်းသိမ်းခဲ့ကြောင်း Bangkok Post သတင်းက ဖော်ပြသည်။

Jinling ဆိုင်ကို စီးနင်းမှုမှတစ်ဆင့် ထိုင်းနိုင်ငံတွင် မူးယစ်ဆေးဝါးမှု၊ အုပ်စုဖွဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှု၊ ငွေကြေးခဝါချမှုနှင့် အခြား ရာဇဝတ်မှုများ အပါအဝင် တရားမဝင်လုပ်ငန်းများ လုပ်ကိုင်မှုဖြင့် တရုတ်စီးပွားရေးလုပ်ငန်းရှင် Chaiyanat "Tuhao" Kornchayanant နှင့် အခြား လူ (၄၀) ဦးကို ဖမ်းဆီးစွဲချက်တင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံမှ ရဲတပ်ဖွဲ့များသည် KTV နှင့် Bar, Club များ၌ မူးယစ်ဆေးဝါးရောင်းချုမှုများကို အထူးနိမ်နှင်းနေလျက်ရှိသည်ကို တွေ့ရှိရသော်လည်း ထိုင်းနိုင်ငံနှင့် နီးစပ်သည့် မြန်မာနိုင်ငံ တာချီလိတ်မြို့ရှိ KTV နှင့် Club များတွင် မူးယစ်ဆေးဝါးသစ်ဖြစ်သည့် Happy Water အပါအဝင် မူးယစ်ဆေးဝါးများကို အလွယ်တကူ လွတ်လပ်စွာ ရောင်းချပေးနေလျက်ရှိသော်လည်း မူးယစ်ရဲတပ်ဖွဲ့တို့က တားမြစ်ဖမ်းဆီးအရေးယူရဲခြင်းမရှိဟုလည်း ဒေသတွင်းမှ သိရသည်။

 ထိုင်းနိုင်ငံမှ ရဲတပ်ဖွဲ့များသည် ၎င်းတို့၏ နိုင်ငံအတွင်း KTV နှင့် Bar, Club များ၌ မူးယစ်ဆေးဝါးရောင်းချုမှုများကို အထူးနိမ်နှင်းနေလျက်ရှိသည့်အတွက်   ထိုင်းနိုင်ငံနှင့် နီးစပ်သည့် မြန်မာနိုင်ငံ တာချီလိတ်မြို့ရှိ KTV နှင့် Club များတွင် မူးယစ်ဆေးဝါးသစ်ဖြစ်သည့် Happy Water အပါအဝင် မူးယစ်ဆေးဝါးများကို အလွယ်တကူ လွတ်လပ်စွာ ရောင်းချပေးနေလျက်ရှိခြင်းကြောင်း ထိုင်းနိုင်ငံသား အများအပြားပင် တာချီလိတ်သို့ လာရောက်ပြီး KTV နှင့် ဘားများတွင် လည်ပတ်နေလျက်ရှိပြီး Happy Water အလွန်အကျွံသုံးစွဲမှုကြောင့် သေဆုံးမှုများလည်း မကြာခဏကြားသိနေရသည်။



Source: Bankgok Post, Khaosod English

Photo: Khaosod English