တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူးမြို့တွင် မီးရှို့တိုက်ခိုက်မှုအဖြစ် သံသယရှိသည့် မီးလောင်မှုအတွင်း အနည်းဆုံး လူ (၇) ဦး သေဆုံး

တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူးမြို့တွင် မီးရှို့တိုက်ခိုက်မှုအဖြစ် သံသယရှိသည့် မီးလောင်မှုအတွင်း အနည်းဆုံး လူ (၇) ဦး သေဆုံး
By Mr John

တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူးမြို့ရှိ ဥပဒေကုမ္ပဏီတစ်ခုတွင် မီးရှို့တိုက်ခိုက်မှုအဖြစ် သံသယရှိသည့် မီးလောင်မှုအတွင်း လူ (၇) ဦး သေဆုံးခဲ့ကြောင်း သိရသည်။ 

ဇွန်လ (၉) ရက် ဒေသစံတော်ချိန် နံနက်ပိုင်းက ဒယ်ဂူးမြို့ရှိ ခရိုင်တရားရုံးအနီး အဆောက်အအုံ၏ ရုံးခန်းတစ်ခုတွင် ဖြစ်ပွားခဲ့သည့် မီးလောင်ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ (၄၆) ဦးလည်း ဒဏ်ရာရခဲ့သည်။ 

ရဲတပ်ဖွဲ့က မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပြီး  ဖြစ်စဉ်အား ရှို့မီးဖြစ်နိုင်ကြောင်း ယူဆထားသည်။ 

ဥပဒေကုမ္ပဏီရုံးခန်းကို မီးရှို့ခဲ့သူအဖြစ် သံယယရှိသူ အသက် (၅၀) ကျော် အမျိုးသားမှာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း အစိုးရတာဝန်ရှိသူတွေက ပြောသည်။ 

ဒေသစံတော်ချိန် နံနက် (၁၀) နာရီ (၅၅) မိနစ်ဝန်းကျင်တွင် မီးလောင်မှုစတင်ဖြစ်ပွားခဲ့ပြီးနောက် မကြာမီမှာ ဒယ်ဂူးမြို့လယ်ရှိ မီးလောင်မှုဖြစ်ပွားသည့်နေရာသို့ မီးသတ်သမား (၁၅၀) ကျော် ရောက်ရှိခဲ့သည်ဟု ဆိုသည်။ 

မီးသတ်သမားများက မီးလောင်မှုကို မိနစ် (၂၀) အတွင်း ငြှိမ်းသတ်ခဲ့ကြကြောင်း တာဝန်ရှိသူတွေက ပြောသည်။ 

မီးလောင်မှုအတွင်း ဒဏ်ရာရသူတွေအနက် အများစုမှာ မီးခိုးမွှန်မှုကြောင့်ဖြစ်ပြီး (၂၆) ဦးကို အနီးအနားရှိ ဆေးရုံများတွင် ကုသပေးခဲ့ကြောင်း သိရသည်။

မီးလောင်မှုအတွင်း သေဆုံးခဲ့သူအားလုံးကို အခန်းတစ်ခန်းတည်းတွင် တွေ့ရှိရပြီး ရဲတပ်ဖွဲ့က ယခုမီးလောင်မှုဖြစ်ရပ်ကို အမှုဖွင့် စုံစမ်းစစ်ဆေးနေသည်ဟု ဆိုသည်။ 

ဥပဒေကုမ္ပဏီရုံးခန်း၏ လုံခြုံရေးကင်မရာမှတ်တမ်းအရ မီးရှို့သူဟု စွပ်စွဲခံရသူက အဆောက်အုံ ဒုတိယထပ်ရှိ ရုံးခန်းထဲသို့ မီးရှို့ရာတွင် အသုံးပြုခဲ့နိုင်သည့် ပစ္စည်းများနှင့်အတူ ဝင်ရောက်လာသည်ကို တွေ့ရကြောင်း BBC Korean သတင်းက ဖော်ပြသည်။ 

ပြည်တွင်းမီဒီယာက ဖော်ပြမှုအရ ထိုအမျိုးသားက မီးရှို့တိုက်ခိုက်မှု မတိုင်မီ ရှေ့နေ့ရုံးတွင် တိုင်ကြားမှုတစ်ခု ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

ဒယ်ဂူးမြို့မှာ တောင်ကိုရီးယား၏ သမိုင်းတစ်လျှောက် အဆိုးရွားဆုံး မီးရှို့တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ဖူးသည့် နေရာများအနက် တစ်နေရာဖြစ်သည်။ 

၂၀၀၃ ခုနှစ်က ဒယ်ဂူးမြို့ရှိ မြေအောက်ရထားတစ်စင်းပေါ်တွင် အသက် (၅၆) နှစ်အရွယ် အမျိုးသားတစ်ဦးက မီးရှို့ခဲ့မှုကြောင့် လူ (၁၉၂) ဦး သေဆုံးခဲ့သည်။

Source: BBC, AFP

Photo: DAEGU FIRE DEPARTMENT/NEWS1, Lee Mu-yeol/Newsis