အင်ဒိုနီးရှား ဘောလုံးကွင်းဖြစ်ရပ်နှင့် ပတ်သက်ပြီး မျက်ရည်ယိုဗုံး အသုံးပြုခဲ့မှုကြောင့် ရဲအရာရှိများ အပါအဝင် လူ (၆) ဦးကို ထောင်ဒဏ် (၅)နှစ်အထိ ချမှတ်နိုင်သည့် ရာဇဝတ်မှုဖြင့် စွဲချက်တင်

အင်ဒိုနီးရှား ဘောလုံးကွင်းဖြစ်ရပ်နှင့် ပတ်သက်ပြီး မျက်ရည်ယိုဗုံး အသုံးပြုခဲ့မှုကြောင့် ရဲအရာရှိများ အပါအဝင် လူ (၆) ဦးကို ထောင်ဒဏ် (၅)နှစ်အထိ ချမှတ်နိုင်သည့် ရာဇဝတ်မှုဖြင့် စွဲချက်တင်
အောက်တိုဘာ 8, 2022 | နိုင်ငံတကာသတင်း
By Mr John

 အင်ဒိုနီးရှားနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် အနည်းဆုံး လူ (၁၃၁) ဦး သေဆုံးခဲ့သော ဘောလုံးပွဲအတွင်း လူအုပ်စု လဲပြိုကျမှုဖြစ်ရပ်နှင့် ဆက်စပ်၍ ရဲအရာရှိများ အပါအဝင် လူ (၆) ဦးကို ရာဇဝတ်မှုဖြင့် စွဲချက်တင်သွားမည်ဟု ရဲတပ်ဖွဲ့အကြီးအကဲက ပြောသည်။ 

၎င်းတို့ကို ရာဇဝတ်မှုမြောက်သည့် ပေါ့ဆမှုကြောင့် လူသေဆုံးမှုဖြင့် စွဲချက်တင်သွားမည်ဖြစ်ပြီး အမြင့်ဆုံးထောင်ဒဏ် (၅) နှစ် ကျခံရနိုင်ကြောင်း သိရသည်။

အောက်တိုဘာလ (၁) ရက် ညပိုင်းက ဖြစ်ပွားခဲ့သည့် အဆိုပါ ဘောလုံးပွဲဖြစ်ရပ်မှာ ကွင်းအတွင်း ပြေးဆင်းလာကြသည့် ပရိသတ်များကို  ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးသုံးပြီး လူစုခွဲရာမှ စတင်ခဲ့သည်ဟု ဆိုသည်။ 

ရာနှင့်ချီသည့် လူအများအပြားက အားကစားကွင်း ထွက်ပေါက်များမှတစ်ဆင့် ကွင်းအပြင်းသို့ ထွက်ပြေးကြရန် ကြိုးပမ်းကြစဥ် လူစုအုပ် လဲပြိုကျပြီး သေဆုံးဒဏ်ရာရမှုများ ဖြစ်ခဲ့ကြသည်။

ယခုဖြစ်ရပ်ကြောင့် အင်ဒိုနီးရှားပြည်သူများကြား ဒေါသထွက်ခဲ့ကြပြီး အထူးသဖြင့် ရဲတပ်ဖွဲ့နှင့် ၎င်းတို့၏ မျက်ရည်ယိုဗုံးသုံးခဲ့သည့် လုပ်ရပ်အပေါ် ပြည်သူများက ဒေါသတကြီး ဝေဖန်ပြောဆိုခဲ့ကြသည်။ 

လူအုပ်စု လဲပြိုကျမှု ဖြစ်ပွားခဲသည့် Kanjuruhan အားကစားကွင်း တည်ရှိရာ Malang မြို့နယ်ရဲတပ်ဖွဲ့မှူးကို ရာထူးမှ ထုတ်ပယ်ခဲ့ပြီး အခြား ရဲအရာရှိ (၉) ဦးကို ရာထူးဆိုင်းငံ့ခဲ့ကြောင်း သိရသည်။

ယခု ရာဇဝတ်မှုဖြင့် စွဲချက်တင်ခံရမည့်သူများ အနက် ရဲအရာရှိ (၃) ဦး ပါဝင်ခဲ့ပြီး ၎င်းတို့က ဘောလုံးပွဲပရိသတ်များကို မျက်ရည်ယိုဗုံးဖြင့်ပစ်မှုအတွက် တာဝန်ရှိသည်ဟု ဆိုသည်။ 

ထို့အပြင် အိမ်ကွင်းအသင်းဖြစ်သည့် Arema FC ၏ ပွဲစီစဥ်မှုကော်မတီ အကြီးအကဲနှင့် ဘောလုံးကလပ်အသင်း၏ လုံခြုံရေးတစ်ဦးတို့လည်း စွဲချက်တင်ခံရမည် ဖြစ်သည်။

စွဲချက်တင်ခံရမည့် ရဲအရာရှိများအနက် (၂) ဦးက အခြား ရဲတပ်ဖွဲ့ဝင်များကို မျက်ရည်ယိုဗုံးဖြင့်ပစ်ရန် အမိန့်ပေးခဲ့ကြောင်း အင်ဒိုနီးရှားရဲတပ်ဖွဲ့ ရဲချုပ် Listyo Sigit Prabowo က ပြည်တွင်းမီဒီယာကို ပြောသည်။ 

တတိယမြောက် ရဲအရာရှိမှာ FIFA ၏ လုံခြုံရေးဆိုင်ရာ စည်းမျဥ်းများအရ ဘောလုံးပွဲများတွင် မျက်ရည်ယိုဗုံး အသုံးမပြုရန် တားမြစ်ထားသည်ကို သိရှိထားသော်လည်း ဝင်ရောက်ဟန့်တားခြင်း မရှိခဲ့ကြောင်း ရဲချုပ်ကဆိုသည်။

အာဏာပိုင်များ၏ အဆိုအရ ထိုဘောလုံးပွဲစဥ် ယှဥ်ပြိုင်ကစားခဲ့သည့် ညပိုင်းက Kanjuruhan အားကစားကွင်းတွင် ရဲတပ်ဖွဲ့ဝင်များနှင့် စစ်သားများ အပါအဝင် အရာရှိ (၂,၀၀၀) ခန့်ရှိနေခဲ့ကြောင်း သိရသည်။ 

အရှေ့ဂျားဗားပြည်နယ် Malang မြို့ရှိ Kanjuruhan အားကစားကွင်းတွင် Arema FC က အိမ်ကွင်းပွဲစဥ်အဖြစ် ပြိုင်ဘက် Persebaya Surabaya အသင်းနှင့် ယှဥ်ပြိုင်ကစားခဲ့ရာ (၃) ဂိုး (၂) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ပွဲသိမ်းခရာမှုတ်ချိန်တွင် ထောင်နှင့်ချီသည့် အိမ်ကွင်းပရိသတ်များက ကွင်းအတွင်း ပြေးဆင်းလာခဲ့ကြပြီး ရှုံးနိမ့်ခဲ့မှုအတွက် ဆူပူသောင်းကျန်းခဲ့ကြသည်။

ထိုအခြေအနေကို ထိန်းသိမ်းရန် ရဲတပ်ဖွဲ့နှင့် စစ်ဘက်အရာရှိများက မျက်ရည်ယိုဗုံးများ အသုံးပြုခဲ့ရာမှ အားကစားကွင်းအတွင်းရှိ လူအုပ်စုမှာ ကြောက်လန့်တကြားဖြစ်ပြီး ကွင်းအပြင် ထွက်ပြေးရန်ကြိုးပမ်းခဲ့ကြစဥ် လူအများအပြား သေဆုံးခဲ့ရသည့် လူအုပ်စု လဲပြိုမှု ဖြစ်ပွားခဲ့သည်။ 

လူအုပ်စု လဲပြိုကျမှုအတွင်း ဒဏ်ရာရခဲ့သူနှင့် အသက်ရှူမွန်းကျပ်မှု ခံစားခဲ့ရသူ (၃၂၀) ကျော်ရှိခဲ့သည်။ 

သေဆုံးခဲ့သူများအနက် အနည်းဆုံး ကလေး (၃၂) ဦး ပါဝင်ခဲ့ပြီး အသက် (၃) နှစ်နှင့် (၁၇) နှစ်အတွင်းဖြစ်ကြောင်း သိရသည်။

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ဘောလုံးပွဲအတွင်း လူအုပ်စု လဲပြိုမှုဖြစ်ရပ်တွင် တံခါးများကို သော့ခတ်ပိတ်ထားခြင်း၊ မတ်စောက်သည့် ပွဲကြည့်စင်လှေကားများနှင့် လူအုပ်စု ကြောက်လန့်တကြားဖြစ်ခြင်းတို့က အကြောင်းရင်းများ ဖြစ်နိုင်ကြောင်း အောက်တိုဘာလ (၅) ရက်နေ့တွင် ပြောသည်။ 

သို့သော် ထိုပြောကြားမှုမှာ အားကစားကွင်းကို လာရောက်ကြည်ရှုပြီးနောက် ၎င်း၏ ကိုယ်ပိုင်အမြင်သာဖြစ်ကြောင်းနှင့် အချက်အလက်ရှာဖွေရေးအဖွဲ့က လူအုပ်စု လဲပြိုမှုဖြစ်ပွားသည့် ပတ်ဝန်းကျင်အခြေအနေများကို စစ်ဆေးပြီးနောက် အားလုံးကို ကောက်ချက်ချလိမ့်မည်ဟု သမ္မတဂျိုကိုဝီက ဆိုသည်။

ယခုဖြစ်ရပ်မှာ အားကစားကွင်းများတွင် ဘေးအန္တရာယ်ဖြစ်ပွားမှုများအနက် နောက်ဆုံးတစ်ခုလည်း ဖြစ်လာသည်။ 

၁၉၆၄ ခုနှစ်က ပီရူးနိုင်ငံ Lima မြို့တွင် ယှဥ်ပြိုင်ကစားခဲ့သည့် ပီရူးနှင့်အာဂျင်တီးနားတို့၏ အိုလံပစ်ခြေစစ်ပွဲစဥ်အတွင်း လူအုပ်စု လဲပြိုကျမှုကြောင့် စုစုပေါင်း လူ (၃၂၀) သေဆုံးခဲ့ပြီး (၁,၀၀၀) ကျော် ဒဏ်ရာရခဲ့သည်။ 

ဗြိတိန်တွင် ၁၉၈၉ ခုနှစ်က ရှက်ဖီးမြို့ရှိ Hillsborough အားကစားကွင်းတွင် အလားတူဖြစ်ရပ်ကြောင့် လီဗာပူးဘောလုံးအသင်း ပရိသတ်များ သေဆုံးခဲ့ကြောင်း သိရသည်။



Source: BBC

Photo: GETTY IMAGES, EPA, Yudha Prabowo/AP,