အင်းဆက်ပိုးကောင် ဟင်းလျာများကြောင့် လူစိတ်ဝင်စားလာသည့် ဂျပန်နိုင်ငံ တိုကျိုမြို့မှ ကော်ဖီဆိုင်

အင်းဆက်ပိုးကောင် ဟင်းလျာများကြောင့် လူစိတ်ဝင်စားလာသည့် ဂျပန်နိုင်ငံ တိုကျိုမြို့မှ ကော်ဖီဆိုင်
ဇူလိုင် 29, 2023 | နိုင်ငံတကာသတင်း
By Mr John

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ကော်ဖီဆိုင်တစ်ဆိုင်က ပုရစ်နှင့် ပိုးတီကောင်များ ပါဝင်သော အင်းဆက်ပိုးကောင် ဟင်းလျာနှင့် အင်းဆက်ပိုးကောင်သုံး၍ ထုတ်လုပ်ထားသော water bug cider ခေါ် သောက်စရာတစ်မျိုးကို ပြင်ဆင်ရောင်းချနေရာ လူအများ စိတ်ဝင်စားနေကြသည်။ 

ကမ္ဘာတဝန်းတွင်လည်း ပိုးကောင်များကို စားသုံးကြပြီး ပိုးကောင်များက တဖြည်းဖြည်း အလားအလာရှိသော စားနပ်ရိက္ခာ အရင်းအမြစ် ဖြစ်လာသည်။

"ဟင်းမျိုးစုံထဲကနေ ရွေးချယ်ရတာ ပျော်စရာပါပဲ။ ဒီဆိုင်မှာ အားလုံးက အရသာရှိတယ်ဗျ။ water bug cider ဆိုရင် အတော်လေး လန်းဆန်းစေပြီး အနံ့အရသာ ကောင်းတယ်။ ပန်းသီးစိမ်းလိုပဲ" ဟု အင်းဆက်ပိုးကောင် ဟင်းလျားနှင့် သောက်စရာ ရောင်းချသည့် Take-Noko ကော်ဖီဆိုင်၏ စားသုံးသူတစ်ဦးဖြစ်သူ အသက် (၂၆) နှစ်အရွယ် ဂျပန်အနောက်ပိုင်း Hyogo စီရင်စုမှ ရုံးဝန်ထမ်း တာကူမီ ယာမာမိုတိုက ပြောသည်။

တိုကျိုမြို့ရှိ အဆောက်အအုံတစ်ခု၏ ဒုတိယထပ်တွင် ဖွင့်လှစ်ထားသော ကော်ဖီဆိုင်တွင် ပိုးတီကောင်၊ ပုရစ်၊ ပိုးတောင်မာ၊ ပုရွက်ဆိတ်နှင့် ပိုးဟပ်ကဲ့သို့ အင်းဆက်ပိုးကောင်များကို တွေ့နိုင်သည်။ 

ဂျပန်နိုင်ငံတွင် ဒုတိယကမ္ဘာအတွင်း စားနပ်ရိက္ခာ ရှားပါးပြတ်လပ်ခဲ့စဥ်က ပိုးကောင်များကို စားခဲ့ကြကြောင်း Take-Noko ကော်ဖီဆိုင် မန်နေဂျာ မီချီကို မီအူရာက ပြောသည်။

ဧကရာဇ် Taisho အုပ်ချုပ်ခဲ့စဥ် ၁၉၁၂ ခုနှစ်မှ ၁၉၂၆ ခုနှစ်အထိ Taisho ခေတ်အတွင်း ဂျပန်နိုင်ငံတွင် အင်းဆက်ပိုးကောင် (၅၅) မျိုးကို စားခဲ့ကြကြောင်း လေ့လာမှုတစ်ခုက တွေ့ရှိခဲ့သည်။ 

၂၀၅၀ ခုနှစ်တွင် (၉.၇) ဘီလီယံသို့ တိုးပွားလာမည်ဟု ခန့်မှန်းထားသော ကမ္ဘာ့လူဦးရေအတွက် ပိုးကောင်များက ရေရှည်တည်တံ့သော ပရိုးတိန်း (အသားဓာတ်) အရင်းအမြစ်တစ်ခုအဖြစ် ကုလသမဂ္ဂက ယူဆထားကြောင်း ၂၀၂၃ခုနှစ် ဇူလိုင်လ (၂၆) ရက် Reuters သတင်းက ဖော်ပြသည်။

Source: Reuters

Photo: REUTERS/Kim Kyung-Hoon,