ဦးခေါင်း (၂) လုံးနှင့် စိတ်ခံစားချက် (၂) မျိုးရှိသည့် လိပ်ကလေး Janus အသက် (၂၅) နှစ်ပြည့်ပြီ 

ဦးခေါင်း (၂) လုံးနှင့် စိတ်ခံစားချက် (၂) မျိုးရှိသည့် လိပ်ကလေး Janus အသက် (၂၅) နှစ်ပြည့်ပြီ 
စက်တင်ဘာ 5, 2022 | နိုင်ငံတကာသတင်း
By Mr John

 ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ရှိ သဘာဝသမိုင်းပြတိုက်တွင် ပေါက်ဖွားခဲ့သည့် ဦးခေါင်း (၂) လုံးပါ လိပ်ထီးဖြစ်သည့် Janus မှာ အသက် (၂၅) နှစ်ပြည့်ပြီ ဖြစ်သည်။ 

လိပ်ကလေး Janus က ဦးခေါင်း (၂) လုံးအပြင် နှလုံး (၂) ခု၊ အဆုတ် (၂) စုံပါရှိသလို ရုပ်ရည်အသွင်အပြင်မှာလည်း မတူကွဲပြားကြောင်း သိရသည်။ 

ဦးခေါင်း (၂) လုံးပါသည့် လိပ်များမှာ တိုက်ခိုက်ရန်ပြုမှု ကြုံသည့်အခါ ၎င်းတို့၏ ဦးခေါင်းများကို အခွံမာအတွင်းသို့ ပြန်မရုပ်သိမ်းနိုင်ရာ တောထဲတွင် အသက်ရှည်ကြာ ရှင်သန်နိုင်ခြင်းမရှိဟု ဆိုသည်။

ဂျနီဗာမြို့ရှိ သဘာဝသမိုင်းပြတိုက် Geneva Natural History Museum တွင် ၁၉၉၇ ခုနှစ်က ပေါက်ဖွားခဲ့သည့် Janus ကိုမူ Angelica Bourgoin အမည်ရှိ ထိန်းသိမ်းစောင့်ရှောက်ရေး ဝန်ထမ်းနှင့် အဖွဲ့က ဂရုစိုက်ပြုစုမွေးမြူလာခဲ့ကြပြီး ၎င်းမှာ ကမ္ဘာ့အသက်အကြီးဆုံး ကုန်းလိပ်အမျိုးအစားဖြစ်သည်ဟု သူမက ယူဆထားသည်။

၎င်းတို့က Janus ကို ဓာတုဆေးဝါ မသုံးထားသည့် အရွက်များကျွေးပြီး နေ့စဥ် နှိပ်နယ်ပေးခြင်းနှင့် လက်ဖက်စိမ်းရည်တွင် ရေချိုးပေးခြင်းတို့ဖြင့် ပြုစုပေးကြသည်။ 

လေ့ကျင့်ခန်းအတွက် Janus ကို ပုံမှန်လမ်းလျှောက်စေပြီး တခါတရံတွင် သီချင်းဖွင့်ပေးထားကာ အထူးပြုလုပ်ထားသည့် စကိတ်ဘုတ်ပေးစီးသည်ဟု ဆိုသည်။

"သူ့ကို ဂရုစိုက်ပြီး အလေးထားမှုကြောင့် သူက ဒီနေ့အထိ အသက်ရှင်နေတာလို့ ကျွန်မ ထင်ပါတယ်" ဟု Bourgoin က ပြောသည်။ 

လိပ်ကလေး Janus အတွက် အထူးမွေးနေ့ပါတီကို ယခုသီတင်းပတ်ကုန်တွင် ကျင်းပပြုလုပ်သွားမည်ဟု ဆိုသည်။ 

ဦးခေါင်း (၂) လုံးပါ လိပ်ကလေးကို ပက်လက်လန်သွားပါက သေဆုံးနိုင်တာကြောင့် အမြဲစောင့်ကြည့်နေကြောင်းနှင့် ၂၀၂၀ ခုနှစ်တွင် ဆီးအိမ်ကျောက်တည်မှုကို ခွဲစိတ်ကုသပေးခဲ့ရသည်ဟု ဆိုသည်။

ထို့အတူ Janus ၏ ဦးခေါင်း (၂) လုံးကိုလည်း တစ်လုံးနှင့်တစ်လုံး ပွတ်တိုက်မိရာမှာ ဒဏ်ရာအနာတရ မဖြစ်စေရန် vaseline အဆီဖြင့် ထိန်းသိမ်းပေးကြောင်း သိရသည်။ 

လိပ်ကလေး Janus ၏ ရုပ်ရည်အသွင်အပြင် (၂) ခုမှာ ကွဲပြားနေသလို စိတ်ခံစားမှုများနှင့် အကြိုက်လည်း မတူကြဟု ဆိုသည်။ 

ဥပမာအားဖြင့် မည်သည့် ဦးတည်ရာသို့ လမ်းလျှောက်သွားမည်ဆိုခြင်းကဲ့သို့ ကိစ္စများတွင် ဆန့်ကျင်ဘက်ဖြစ်နေတတ်ကြောင်း သိရသည်။

Sourec: Reuters

Photo:  REUTERS/Pierre Albouy, AFP, REUTERS,