ရုရှား နှင့် ယူကရိန်း ငြိမ်းချမ်းသည့်နည်းဖြင့် ဆွေးနွေးအဖြေရှာကြရန် တာလီဘန် တိုက်တွန်း

ရုရှား နှင့် ယူကရိန်း ငြိမ်းချမ်းသည့်နည်းဖြင့် ဆွေးနွေးအဖြေရှာကြရန် တာလီဘန် တိုက်တွန်း
ဖေဖော်ဝါရီ 25, 2022 | နိုင်ငံတကာသတင်း

ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်နေသည့် ရုရှားအား ငြိမ်းချမ်းသည့်နည်းဖြင့် ဆွေးနွေးအဖြေရှာရန် တာလီဘန်က ဖေဖော်ဝါရီလ(၂၅)ရက်နေ့တွင် တိုက်တွန်းလိုက်သည်ကို တွေ့ရသည်။

ရုရှားက ယူကရိန်းကို ယမန်နေ့က စတင်ကျူးကျော်တိုက်ခိုက်မှုစတင်နေ၍ ထိခိုက်ခံစားရမည့် ပြည်သူများအတွက် စိုးရိမ်ပူပန်ကြောင်းနှင့် ယူကရိန်းအခြေအနေကို အာဖဂနစ္စတန်နိုင်ငံအနေဖြင့် အနီးကပ်စောင့်ကြည့်နေပါသည်ဟု ထုတ်ပြန်လာသည်ကို တွေ့ရသည်။

နှစ်ဖက်နိုင်ငံအနေဖြင့် ပဋိပက္ခများ အမြန်ဆုံး အဆုံးသတ်ပြီး ငြိမ်းချမ်းသည့်နည်းဖြင့် ဆွေးနွေးအဖြေရှာကြရန် တိုက်တွန်းသည်ဟုလည်း ဖေါ်ပြထားခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ် သြဂုတ်လအတွင်းက အာဖဂန်နစ္စတန်ကို ထိန်းချုပ်လိုက်ပြီး ၎င်းတို့၏ လူ့အခွင့်အရေးချိုးဖေါက်မှုများကို ပြောင်းလဲပါမည်ဟုဆိုကာ နိုင်ငံတကာအသိအမှတ်ပြုမှုရရှိရေးကြိုးစားနေသည့် တာလီဘန်တို့က ရုရှားကျူးကျော်မှုကို ကန့်ကွက်ကြောင်း ထုတ်ဖေါ်ပြောကြားချိန်တွင် မြန်မာအာဏာသိမ်းအဖွဲ့က ကျူးကျော်သူ ရုရှားအား ထောက်ခံသည်ဟု ပြောကြားထားသည်ကို တွေ့ရသည်။