ထိုင်းနိုင်ငံတွင် ထင်ရှားကျော်ကြားသူများပါ အကြိုက်တွေ့နေသည့် "ခွေးစာ"မီနူး

ထိုင်းနိုင်ငံတွင် ထင်ရှားကျော်ကြားသူများပါ အကြိုက်တွေ့နေသည့် "ခွေးစာ"မီနူး
ဇူလိုင် 28, 2023 | နိုင်ငံတကာသတင်း
By Mr John

 ထိုင်းနိုင်ငံတွင် အထူးဆန်းဆုံး အမည် 'ခွေးစာမီနူး' 'Dog Food Menu' ဆိုသည့် စားစရာတစ်မျိုးမှာ အင်တာနက်၌ လူပြောများနေပြီး စားသုံးသူများလည်း အကြိုက်တွေ့နေကြသည်ဟု ဆိုသည်။

နခွန်စဝမ်ပြည်နယ် အလယ်ပိုင်းရှိ Antie Oi ဟု အမည်ပေးထားသော စားသောက်ဆိုင်က ထိုမီနူးကို ရောင်းချနေခြင်း ဖြစ်သည်။

Antie Oi စားသောက်ဆိုင်မှာ နခွန်စဝမ်ကျောင်းအနီး စီးပွားရေးလုပ်ငန်း အဆောက်အအုံတစ်ခုတွင် တည်ရှိသည်။ 

ထိုစားသောက်ဆိုင်၏ 'ခွေးစာမီနူး' စားစရာမှာ မရည်ရွယ်ဘဲ ဖြစ်လာခဲ့ကြောင်း ဆိုင်ပိုင်ရှင်လည်းဖြစ် စာဖိုမှူးလည်းဖြစ်သူ အသက် (၆၀) Ananya Phinthong (ခေါ်) Antie Oi က ပြောသည်။ 

သူမ၏ စားသောက်ဆိုင်မှာ ပြည်နယ်စာသင်ကျောင်းအနီး တည်ရှိနေမှုက 'ခွေးစာမီနူး' ဖြစ်ပေါ်လာသည့် အကြောင်းရင်းဟုလည်း ဆိုသည်။

တစ်ရက်တွင် ညနေပိုင်းအချိန် ဗိုက်ဆာနေပြီး ထမင်းကြော်စားလိုသည့် အဆောင်နေ ကျောင်းသားများက Antie Oi ဆိုင်သို့ ရောက်လာကြသည်။ 

သို့သော် ဆိုင်ပိတ်ခါနီးအချိန် ဖြစ်နေရာ Antie Oi ၏ ဆိုင်တွင် ထမင်းနှင့် အသင့်စား ခေါက်ဆွဲခြောက်ထုပ် အနည်းငယ်သာ ကျန်ရှိတော့သည်။ 

သို့သော် ကျောင်းသားလေးများက ဗိုက်ဆာနေရာ ထမင်းစားမည်ဟု ပြောနေခဲ့ကြသည်။ 

ကလေးများမှာ အလွန် ဗိုက်ဆာနေခဲ့ရာ Antie Oi က ထမင်းကို အသင့်စား ခေါက်ဆွဲများနှင့် ရောနှောကြော်ပေးရန် ဆုံးဖြတ်ခဲ့ပြီး ၎င်းတို့အတွက် စားစရာ စီစဥ်ဖန်တီးပေးခဲ့သည်။

"ကလေးတွေက အဲဒါကို ပထမဆုံး မြင်ခဲ့တဲ့အချိန်မှာ ဟာသလုပ်ခဲ့ကြပြီး 'ခွေးစာနဲ့တူတယ်' လို့ ပြောခဲ့ကြတယ်လေ။ ဒါပေမဲ့ နောက်တစ်ရက်ကျတော့ အဲဒီကလေးတွေပဲ ဆိုင်ကိုပြန်လာကြပြီး 'ခွေးစာ' ပေးပါဆိုပြီး ထပ်မှာကြတယ်။ သူတို့က အဲဒါကို အရမ်းကြိုက်ကြတော့ သူတို့ရဲ့ သူငယ်ချင်းတွေကလည်း သိချင် စားချင်လာကြပြီး မှာစားကြတာပဲ။ အဲဒီကနေစပြီး သူတို့ နေ့တိုင်း အဲဒီစားစရာကို မှာစားကြတယ်။ ဒါနဲ့ပဲ နောက်ဆုံးတော့ 'ခွေးစာ' ဆိုပြီး ဖြစ်လာတာပဲ" ဟု Antie Oi က ပြောသည်။

'ခွေးစာ' စားစရာမှာ လက်ကျန်ပစ္စည်းများဖြင့် ကြော်ထားသော ထမင်းကြော်နှင့်တူပြီး ပြုတ်ထားသော အသင့်စား ခေါက်ဆွဲများ၊ ငရုတ်သီးအစပ် အရသာ၊ တရုတ်ကန်စွန်းရွက်နှင့် နုပ်နုပ်စဥ်းထားသည့် ဝက်သား ပါဝင်သည်။ လူအများအပြားက ထိုစားစရာမှာ ခွေးစာနှင့်တူနေ၍ ပထမတွင် သံသယရှိခဲ့ကြသည်ဟု ဆိုသည်။ 

သို့သော် အရသာမှာ အံ့အားသင့်ဖွယ် ကောင်းမွန်ပြီး အသင့်စား ခေါက်ဆွဲကို ကြက်ဥနှင့် ကြော်ထားသည့် အရသာနှင့်တူကြောင်း သိရသည်။

ယခုအခါ Antie Oi ၏ 'ခွေးစာမီနူး' မှာ သူမ၏ စားသောက်ဆိုင်တွင် လူကြိုက်များသော အစားအစာဖြစ်နေကြောင်း ၂၀၂၃ ခုနှစ် ဇူလိုင်လ (၂၃) ရက် Khaosod သတင်းက ဖော်ပြသည်။ 

စားသုံးသူများက ဆိုင်တွင် လာစားကြရုံသာမက အစားအသောက် ပို့ဆောင်ရေး ဝန်ဆောင်မှုများမှတစ်ဆင့်လည်း 'ခွေးစာ' ကို သိသိသာသာ မှာယူမှုများပြားကြောင်းနှင့် တစ်ရက်လျှင် ပွဲအရေအတွက် ရာနှင့်ချီ ရောင်းနေရကြောင်း သိရသည်။ 

ထိုင်းနိုင်ငံတွင် ထင်ရှားကျော်ကြားသူများကပင် 'ခွေးစာမီနူး' ကို အရသာတွေ့ ကြိုက်နှစ်သက်ကြသည်ဟု ဆိုသည်။

'ခွေးစာမီနူး' ရိုးရိုး တစ်ပန်းကန်လျှင် (၃၅) ဘတ် ဖြစ်ပြီး ကြက်သားတုံးကဲ့သို့ အပိုပါဝင်ပစ္စည်း ထည့်ထားသော ရှယ်တစ်ပန်းကန်လျှင် ဘတ် (၄၀) ကျသင့်ကြောင်း သိရသည်။ 

Antie Oi ၏ စားသောက်ဆိုင်မှ မှာယူမှုများအနက် 'ခွေးစာ' က အများဆုံးဖြစ်ကြောင်း အစားအသောက် ပို့ဆောင်သူတစ်ဦးက ပြောသည်။ 

အစားသောက် ပို့ဆောင်သူများအတွက်လည်း 'ခွေးစာ' မှာယူမှု သိသိသာသာ မြင့်တက်လာရာ ဝင်ငွေပိုရလာကြသည်ဟု ဆိုသည်။

 

Source: Khaosod

Photo: Khaosod English