တူရကီနိုင်ငံတွင် အင်အားပြင်းထန်သည့် ငလျင်လှုပ်ခတ်ပြီး မိုင် (၁၀၀) ကျော်အကွာရှိ မြို့များအထိ ငလျင်ဒဏ် ရိုက်ခတ် 

တူရကီနိုင်ငံတွင် အင်အားပြင်းထန်သည့် ငလျင်လှုပ်ခတ်ပြီး မိုင် (၁၀၀) ကျော်အကွာရှိ မြို့များအထိ ငလျင်ဒဏ် ရိုက်ခတ် 
နိုဝင်ဘာ 24, 2022 | နိုင်ငံတကာသတင်း
By Mr John

 တူရကီနိုင်ငံ အနောက်ပိုင်းတွင် ၂၀၂၂ခုနှစ် နိုဝင်ဘာလ (၂၃) ရက် နံနက်အစောပိုင်းက ရစ်ချ်တာစကေး (၅.၉) ရှိ အင်အားပြင်းထန်သည့် ငလျင်တစ်ခုလှုပ်ခဲ့ကြောင်း သိရသည်။ 

တူရကီ၏ အကြီးဆုံးမြို့ဖြစ်သည့် အစ္စတန်ဘူလ်မြို့မှ အရှေ့ဘက် မိုင် (၁၃၀) အကွာ Duzce မြို့အနီးအတွင်း ဗဟိုပြုပြီး ငလျင်လှုပ်ခဲ့ခြင်း ဖြစ်ပြီး ငလျင်လှုပ်ခတ်မှုကို အစ္စတန်ဘူလ်နှင့် အန်ကာရာမြို့များတွင်လည်း ခံစားသိရှိခဲ့ကြရသည်။

ငလျင်ကြောင့် အနည်းဆုံး လူ (၅၀) ဦး ဒဏ်ရာရခဲ့ကြောင်း အစိုးရတာဝန်ရှိသူများက ပြောသည်။ 

မြေအောက်အနက် (၂) ကီလိုမီတာမှ (၁၀) ကီလိုမီတာတွင် ငလျင်လှုပ်ခဲ့ခြင်းဖြစ်ကြောင့် ခန့်မှန်းထားပြီး ငလျင်ကြောင့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့သည်။ 

ငလျင်လှုပ်မှုအတွင်း ဒေသခံတစ်ဦးမှာ ၎င်း၏နေအိမ်လသာဆောင်မှ ခုန်ချခဲ့ပြီး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

ပထမ ငလျင်လှုပ်ပြီးနောက် မိနစ် (၂၀) ခန့်အကြာတွင် ရစ်ချ်တာစကေး (၄.၇) ရှိ နောက်ထပ် ငလျင်တစ်ခု ထပ်လှုပ်ခဲ့ကြောင်းလည်း သိရသည်။ 

ငလျင်ကြောင့် ဆိုးဆိုးရွားရွား ပျက်စီးမှုမရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး Suleyman Soylu က TRT Haber သတင်းဌာနကို ပြောသည်။ 

ငလျင်လှုပ်မှုအတွင်း Duzce မြို့တွင် (၃၇) ဦး၊ အစ္စတန်ဘူလ်မြို့တွင် (၁) ဦး၊ Zonguldak မြို့တွင် (၆) ဦးနှင့် ပင်လယ်နက်ကမ်းရိုးတန်း Sakarya ပြည်နယ်တွင် (၁) ဦး ဒဏ်ရာရခဲ့ကြောင်း တူရကီ ဘေးအန္တရာယ်ဆိုင်ရာဌာနက ထုတ်ပြန်ထားသည်။

Duzce မြို့မှ ဓာတ်ပုံများအရ လူအများအပြား နေအိမ်အပြင်ဘက်ထွက်နေခဲ့ကြသည်ကို တွေ့ရသည်။ 

လုံခြုံရေးကင်မရာမှ ရိုက်ကူးမိခဲ့သည့် ဗီဒီယိုမှတ်တမ်းများကို ဆိုရှယ်မီဒီယာတွင် တင်ထားကြသည်။ 

ငလျင်ကြောင့် Duzce မြို့တွင် တရားရုံးအပါအဝင် အဆောက်အအုံ (၈) ခု ပျက်စီးခဲ့ကြောင်း သိရသည်။ 

၁၉၉၉ ခုနှစ်က Duzce မြို့တွင် ရစ်ချ်တာစကေး (၇.၂) ရှိ ငလျင်ကြီး လှုပ်ခတ်ခဲ့ရာ လူ (၈၄၅) ဦး သေဆုံးခဲ့သည်။

Duzce မြို့၏ အဆောက်အအုံ (၈၀) ရာခိုင်နှုန်းမှာ ထိုငလျင်ကြီးလှုပ်ပြီးနောက်ပိုင်း ပြန်လည်ဆောက်လုပ်ထားခြင်းဖြစ်ကြောင်း မြို့တော်ဝန်က ပြောသည်။ 

လွန်ခဲ့သည့် ၁၉၉၉ ခုနှစ်အတွင်းကလည်း တူရကီနိုင်ငံ Izmit မြို့တွင် ရစ်ချ်တာစကေး (၇.၆) ရှိ ငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် လူ (၁၇,၀၀၀) ကျော် သေဆုံးခဲ့ပြီး အဆောက်အအုံ အများအပြား ပျက်စီးခဲ့မှုလည်း ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

Source: BBC

Photo: AP Photo/Khalil Hamra,