ပါကစ္စတန်ဘက်သို့ ဒုံးကျည်မှားပစ်ခဲ့မှုအတွက် အိန္ဒိယက လေတပ်အရာရှိများကို ရာထူးမှထုတ်ပယ်

 ရုရှားနှင့်အိန္ဒိယတို့ ပူးတွဲထုတ်လုပ်ထားသည့် ခရုဇ်ဒုံးကျည်အမျိုးအစား BrahMos ဒုံးကျည်များ
ရုရှားနှင့်အိန္ဒိယတို့ ပူးတွဲထုတ်လုပ်ထားသည့် ခရုဇ်ဒုံးကျည်အမျိုးအစား BrahMos ဒုံးကျည်များ
ပါကစ္စတန်ဘက်သို့ ဒုံးကျည်မှားပစ်ခဲ့မှုအတွက် အိန္ဒိယက လေတပ်အရာရှိများကို ရာထူးမှထုတ်ပယ်
သြဂုတ် 25, 2022 | နိုင်ငံတကာသတင်း
By Mr John

ပြီးခဲ့သည့် မတ်လအတွင်းက ပါကစ္စတန်နိုင်ငံထဲသို့ မတော်တဆ ဒုံးကျည်ပစ်လွှတ်ခဲ့မိသည့် လေတပ်အရာရှိ (၃) ဦးကို အိန္ဒိယအစိုးရက ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း သိရသည်။ 

ယင်းသို့ ဖြစ်ပွားမှုမှာ ပုံမှန်ထိန်းသိမ်းမှုလုပ်ငန်း ဆောင်ရွက်စဥ်အတွင်း နည်းပညာပိုင်းဆိုင်ရာ ချွတ်ယွင်းမှုတစ်ခုကြောင့် ဖြစ်ပွားခဲ့သည့်အတွက် အလွန်စိတ်မကောင်းဖြစ်စရာဟု အိန္ဒိယအစိုးရက ဆိုသည်။

ထိုဖြစ်ရပ်ကြောင့် နျူကလီးယားလက်နက် ပိုင်ဆိုင်ထားသည့် အိမ်နီးချင်း နှစ်နိုင်ငံအကြား သဘောထား တင်းမာမှုများ မြင့်တက်ခဲ့သည်။ 

ထိုကဲ့သို့ ပေါ့ဆမှုမျိုး၏ ဆိုးရွားသော အကျိုးဆက်များကို သတိထားရန် ပါကစ္စတန်က အိန္ဒိယကို သတိပေးခဲ့ပြီး နောက်ထပ်မဖြစ်စေရန် ပြောခဲ့သည်။ 

မတ်လ (၉) ရက်နေ့က ဖြစ်ပွားခဲ့သည့်  မတော်တဆမှုအတွက် တာဝန်ရှိသည့် အရာရှိများကို ရာထူးတာဝန်မှ ထုတ်ပယ်လိုက်ကြောင်း အိန္ဒိယလေတပ်က ဩဂုတ်လ (၂၃) ရက်နေ့တွင် ထုတ်ပြန်ချက်သည်။

စုံစမ်းစစ်ဆေးမှုအရ အရာရှိများက သတ်မှတ်ထားသည့် လုပ်ငန်းစဥ်အတိုင်း လုပ်ဆောင်ခဲ့ခြင်းမရှိမှုကြောင့် BrahMos ဒုံးကျည်များကို မတော်တဆ ပစ်လွှတ်ခဲ့မိကြောင်းလည်း အိန္ဒိယလေတပ်က ပြောသည်။ 

BrahMos မှာ နျူကလီးယားထိပ်ဖူး သယ်ဆောင်ပစ်ခတ်နိုင်ပြီး ရုရှားနှင့်အိန္ဒိယတို့ ပူးတွဲထုတ်လုပ်ထားသည့် ခရုဇ်ဒုံးကျည်အမျိုးအစား ဖြစ်သည်။

ပါကစ္စတန်လေတပ်၏ ပြောကြားမှုအရ အိန္ဒိယဘက်က ပစ်လွှတ်လိုက်သည့် ဒုံးကျည်များမှာ ပျက်ကျမသွားမီ ပါကစ္စတန်လေပိုင်အနက်အတွင်း အသံထက် (၃)ဆ ပိုမြန်သည့် March 3 အမြန်နှုန်းနှင့် အမြင့်ပေ (၄၀,၀၀၀) ခန့်နှင့် အကွာအဝေး (၇၇) မိုင်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။ 

ဒုံးကျည်က အိန္ဒိယနှင့် ပါကစ္စတန်လေပိုင်နက်အတွင်း ခရီးသည်နှင့် နိုင်ငံတကာလေယာဥ်ခရီးစဥ် အများအပြားနှင့် မြေပြင်ရှိ လူ့အသက်နှင့် အဆောက်အအုံများကို အန္တရာယ်ဖြစ်စေခဲ့ကြောင်း ပါကစ္စတန်စစ်တပ်က ဆိုသည်။

ထိုမတော်တဆမှုဖြစ်ပြီနောက် အိန္ဒိယကာကွယ်ရေးဝန်ကြီး Rajnath Singh က အိန္ဒိယအနေဖြင့် ၎င်း၏လက်နက်စနစ်များ ဘေးကင်းလုံခြုံရေးကို ဦးစားပေးကြောင်းနှင့် စနစ်တွင် တွေ့ရသည့် ချို့ယွင်းချက်များကို စုံစမ်းစစ်ဆေးပြီး ပြင်ဆင်သွားမည်ဟု ပြောခဲ့သည်။ 

အိန္ဒိယနှင့်ပါကစ္စတန်တို့မှာ ရန်လိုသောဆက်ဆံရေးရှိသည့် အိမ်နီးချင်းနိုင်ငံများဖြစ်ကြပြီး ၎င်းတို့ တစ်စိတ်တစ်ပိုင်းစီ ထိန်းချုပ်ထားသော ကက်ရှ်မီးယားနယ်မြေကို နှစ်နိုင်ငံလုံးက ရယူလိုနေကြသည်။

နယ်မြေပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အိန္ဒိယနှင့်ပါကစ္စတန် စစ်ပွဲများ ဖြစ်ပွားခဲ့ဖူးပြီး ပါကစ္စတန်က ကက်ရှ်မီးယား ခွဲထွက်ရေးသမားများကို ထောက်ပံ့ကူညီနေကြောင်း အိန္ဒိယဘက်က အကြိမ်ကြိမ် စွပ်စွဲခဲ့ပြီး ပါကစ္စတန်က ထိုစွပ်စွဲမှုများကို အပြတ်သတ် ငြင်းဆိုထားသည်။

Source: BBC