မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု (၂) နှစ်ပြည့်ချိန်၌ အမေရိကန်နှင့် မဟာမိတ်များက ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များ ချမှတ်

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု (၂) နှစ်ပြည့်ချိန်၌ အမေရိကန်နှင့် မဟာမိတ်များက ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များ ချမှတ်
ဖေဖော်ဝါရီ 1, 2023 | 2021 Military Coup| နိုင်ငံတကာသတင်း
By Mr John

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှု (၂) နှစ်ပြည့်ချိန် ဇန်နဝါရီလ (၃၁) ရက်နေ့၌ အမေရိကန်နိုင်ငံနှင့် မဟာမိတ်များက အာဏာသိမ်းစစ်အုပ်စု လက်အောက်ခံ စွမ်းအင်လုပ်ငန်း အရာရှိများနှင့် စစ်အုပ်စုအဖွဲ့ဝင်များကို နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်လိုက်သည်။ 

အမေရိကန်က စစ်အုပ်စု လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ သတ္တုတွင်းလုပ်ငန်း၊ စွမ်းအင်လုပ်ငန်းအရာရှိများနှင့် လက်ရှိနှင့်အငြိမ်းစား စစ်တပ်အရာရှိများကို အရေးယူပိတ်ဆို့မှုများ လုပ်ဆောင်သွားမည်ဟု Reuters သတင်းဌာနက မြင်တွေ့ခဲ့သည့် ဘဏ္ဍာရေးဌာန ထုတ်ပြန်ချက်အရ သိရှိရသည်။

မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း Myanma Oil and Gas Enterprise (MOGE) အရာရှိများကို လက်ရှိ မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု အစီအစဥ်တွင် ပထမဆုံးအကြိမ် ထည့်သွင်းလိုက်ခြင်းလည်းဖြစ်ကြောင်း အမေရိကန်ဘဏ္ဍာရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။ 

ကနေဒါ၊ ဩစတြေးလျနှင့် ဗြိတိန်တို့ကလည်း ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ကြောင်း ဇန်နဝါရီလ (၃၁) ရက်တွင် ကြေညာခဲ့ကြသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးကတည်းက ဘက်ပေါင်းစုံ ချွတ်ခြုံကျကာ အကျပ်အတည်းနှင့် ကသောင်းကနင်း အခြေအနေများ ဖြစ်ပေါ်နေသည်။ 

အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြသူများအား အကြမ်းဖက်ဖြိုခွင်းခဲ့ပြီးနောက်ပိုင်း စစ်အုပ်စုကို စစ်မျက်နှာအများအပြားတွင် လက်နက်ကိုင် တော်လှန်တိုက်ခိုက်မှုများ ပေါ်ပေါက်လာခဲ့သည်။ 

ထိုသို့ အကြမ်းဖက်ဖြိုခွင်းမှုများကြောင့် အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှုများ ပြန်လည် ချမှတ်လာခဲ့သည်။

  စစ်အာဏာသိမ်းမှု (၂) ပြည့်ချိန်တွင်လည်း အမေရိကန်အစိုးရက စစ်အုပ်စု လက်အောက်ရှိ နိုင်ငံပိုင် MOGE ၏ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် လက်ထောက် ဦးဆောင်ညွှန်ကြားရေးမှူးတို့ကို ပစ်မှတ်ထားပြီး ဒဏ်ခတ်ပိတ်ဆို့မှု လုပ်ဆောင်သွားမည်ဟု သိရသည်။ 

MOGE မှာ စစ်အုပ်စု၏ တစ်ခုတည်းသော အကြီးမားဆုံး ဝင်ငွေရှာဖွေပေးနိုင်သည့် နိုင်ငံပိုင်လုပ်ငန်းဖြစ်ကြောင်း အမေရိကန်ဘဏ္ဍာရေးဌာနက ပြောသည်။

လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက MOGE ကို အရေးယူပိတ်ဆို့ရန် အစောပိုင်းကတည်းက တောင်းဆိုနေခဲ့ကြသော်လည်း အမေရိကန်၏ ယခင် ဒဏ်ခတ်ပိတ်ဆို့မှုများတွင် MOGE မပါဝင်ခဲ့ပေ။ 

အမေရိကန်က နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်သွားမည့် စစ်အုပ်စု လက်အောက်ခံများတွင် စွမ်းအင်ဝန်ကြီး ဦးမျိုးမြင့်ဦး ပါဝင်သည်။ 

၎င်းမှာ မြန်မာစစ်အုပ်စု၏ နိုင်ငံတကာနှင့် ပြည်တွင်း စွမ်းအင်ကဏ္ဍတွင် တာဝန်ယူဆောင်ရွက်နေပြီး ရေနံနှင့်သဘာဝဓာတ်ငွေ ထုတ်လုပ်သည့် နိုင်ငံပိုင် အဖွဲ့အစည်းများကို စီမံခန့်ခွဲနေသူဖြစ်ကြောင်း အမေရိကန်ဘဏ္ဍာရေးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

နိုင်ငံပိုင် လုပ်ငန်းများဖြစ်သည့် အမှတ် (၁) သတ္တုတွင်းလုပ်ငန်းနှင့် အမှတ် (၂) သတ္တုတွင်းလုပ်ငန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့ကိုလည်း အမေရိကန်၏ နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းတွင် ထည့်သွင်းထားသည်။ 

ထို့အတူ ဒီမိုကရေစီလိုလားသည့် တော်လှန်ရေးတပ်ဖွဲ့များကို ရုရှားလုပ် တိုက်လေယာဥ်များဖြင့် လေကြောင်းမှ ဆက်လက် တိုက်ခိုက်နေပြီး အရပ်သားများကို သတ်ဖြတ်နေသော မြန်မာစစ်တပ်၏ တာဝန်ထမ်းဆောင်ဆဲနှင့် အငြိမ်းစား အရာရှိများကိုလည်း အမေရိကန်က ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုများ လုပ်ဆောင်သွားမည် ဖြစ်သည်။

ကနေဒါနိုင်ငံက ဇန်နဝါရီလ (၃၁) ရက်နေ့တွင် ကြေညာခဲ့သည့် ဒဏ်ခတ်ပိတ်ဆို့မှုများတွင် စစ်အုပ်စု လက်အောက်ခံ လူပုဂ္ဂိုလ် (၆) ဦးကို ပစ်မှတ်ထားပြီး လေယာဥ်ဆီ တင်ပို့မှု၊ ရောင်းချမှု၊ ထောက်ပံ့မှု သို့မဟုတ် ပို့ဆောင်မှုများကို တားမြစ်ပိတ်ပင်ထားသည်။ 

ဩစတြေးလျနိုင်ငံကလည်း စစ်အုပ်စု၏ အဖွဲ့ဝင်များနှင့် စစ်တပ်ပိုင် ကုမ္ပဏီတစ်ခုကို ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ကြောင်း ကြေညာခဲ့သည်။

ထို့အတူ ဗြိတိန်ကလည်း မြန်မာစစ်တပ်၏ လေတပ်အတွက် အရပ်သားများကို လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ရာတွင် လိုအပ်သည့် လေယာဥ်ဆီရရှိရန် ကူညီပေးနေသော ကုမ္ပဏီ (၂) ခုနှင့် လူပုဂ္ဂိုလ် (၂) ဦးကို ဒဏ်ခတ်ပိတ်ဆို့မည်ဟု ပြောသည်။ 

"အတိုက်အခံများကို လူမဆန်စွာ ရက်ရက်စက်စက် ဖြိုခွင်းမှု၊ လေကြောင်းမှတိုက်ခိုက်ပြီး အကြမ်းဖက်မှုနှင့် အရှက်မဲ့စွာဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် စစ်အုပ်စုက တာဝန်ခံရမည်" ဟု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး James Cleverly က ထုတ်ပြန်ချက်တွင် ပြောခဲ့သည်။

Source: Reuters