ခရီးသွားရာတွင် အဝတ်အထည် သယ်လာစရာမလိုသည့် ဝန်ဆောင်မှုကို ဂျပန်လေကြောင်းလိုင်း စတင်

ခရီးသွားရာတွင် အဝတ်အထည် သယ်လာစရာမလိုသည့် ဝန်ဆောင်မှုကို ဂျပန်လေကြောင်းလိုင်း စတင်
စက်တင်ဘာ 21, 2023 | နိုင်ငံတကာသတင်း
By Mr John

 ခရီးသွားများအတွက် အိမ်ကနေ အဝတ်အထည် သယ်ဆောင်လာစရာမလိုသည့် ဝန်ဆောင်မှုတစ်ခုကို ဂျပန်လေကြောင်းလိုင်း (Japan Airlines) က တစ်နှစ်ကြာ စမ်းသပ် ဝန်ဆောင်မှုပေးနေပြီ ဖြစ်သည်။ 

ဂျပန်လေကြောင်းလိုင်းက မတူညီသော အဝတ်အထည်ပုံစံများနှင့် ရာသီဥတုများအတွက် စီစဥ်ပေးထားကြောင်းနှင့် ခရီးသွား အနေဖြင့် ကြိုတင်မှာကြား ငှားရမ်းအသုံးပြုနိုင်သည်။

ကြိုတင်မှာကြားထားသော အဝတ်အထည်များကို ခရီးသွားများ တည်းခိုရာ ဟိုတယ်သို့ ရောက်ရှိချိန်တွင် လက်ခံရရှိမည်ဟု ဆိုသည်။ 

ထို့နောက် ခရီးစဥ်အပြီးတွင် ထိုအဝတ်အထည်များကို ခရီးသွားများက ပြန်လည်ပေးအပ်ပြီး လျှော်ဖွတ်သန့်စင်ကာ ဝန်ဆောင်မှုစနစ်အတွင်းသို့ ပြန်ပို့ဆောင်သွားမည် ဖြစ်သည်။ 

Any Wear, Anywhere ဟု အမည်ပေးထားသည့် ထိုဝန်ဆောင်မှုအသစ်ကို ဂျပန်လေကြောင်းလိုင်းက ၂၀၂၄ ခုနှစ် ဩဂုတ်လကုန်ပိုင်းအထိ စမ်းသပ်သွားမည်ဟု သိရသည်။

ဂျပန်လေကြောင်းလိုင်းက ယခု ဝန်ဆောင်မှုကို လေယာဥ်များမှ ကာဗွန်ထုတ်လွှတ်မှု လျှော့ချရန် ရည်ရွယ်ချက်ဖြင့် စီစဥ်လာခြင်း ဖြစ်သည်။ 

Any Wear, Anywhere ဝန်ဆောင်မှုက လေယာဥ်၏ ပစ္စည်းသယ်ဆောင်ရမှုကို အလေးချိန် (၂၂) ပေါင် (၁၀ ကီလိုဂရမ်) လျော့နည်းစေမည်ဖြစ်ရာ ကာဗွန်ထုတ်လွှတ်မှု (၁၆.၅) ပေါင်ခန့် (၇.၅ ကီလိုဂရမ်) နှင့် ညီမျှသည်။ 

ထိုကာဗွန်ထုတ်လွှတ်မှု ပမာဏမှာ ဆံပင်အခြောက်ခံစက်တစ်ခုကို တစ်ရက်လျှင် (၁၀) ကြိမ် (၇၈) ရက်ကြာ အသုံးပြုမှုနှင့် ညီမျှသည်ဟု ဆိုသည်။

 

Source: CNN