ယုန်များ လွတ်လပ်စွာ နေရာယူလာသည့် အမေရိကန် မြို့တစ်မြို့

ယုန်များ လွတ်လပ်စွာ နေရာယူလာသည့် အမေရိကန် မြို့တစ်မြို့
ဇူလိုင် 21, 2023 | နိုင်ငံတကာသတင်း
By Mr John

 အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် တောင်ပိုင်းရှိ မြို့တစ်မြို့မှ မြို့ခံများမှာ ၎င်းတို့၏ ရပ်ကွက်အတွင်း ယုန်များ တိုးပွားများပြားလာမှု ကြုံနေကြရသည်။ 

Fort Lauderdale မြို့တွင် အခြေချ နေထိုင်ခဲ့သော ယုန်မွေးမြူသူတစ်ဦးက အကောင်ရေ တိုးပွားများပြားလာသည့် ၎င်း၏ ယုန်အုပ်စုကို လမ်းမများပေါ်သို့ တရားမဝင် လွှတ်ပေးခဲ့ကာ အိမ်နီးနားချင်းများကို အလုပ်ပေးထားခဲ့သည်ဟု ဆိုသည်။

"အိမ်နီးနားချင်း အမျိုးသမီးတစ်ယောက်က လွန်ခဲ့တဲ့ (၂) နှစ်မှာ ရွှေ့ပြောင်းသွားခဲ့ပြီး သူမ ရွှေ့ပြောင်းသွားချိန်မှာ ယုန်တွေကို လမ်းပေါ်ထားပစ်ခဲ့တယ်"ဟု ယုန်ထိန်သိမ်းစောင့်ရှောက်သူ Alicia Griggs က AP သတင်းဌာနကို ပြောခဲ့သည်။ 

"ယုန်တွေကို မျိုးမပွားနိုင်အောင် လုပ်ထားတာ (သင်းကွပ်ထားတာ) မဟုတ်တော့ အခုဆို သူတို့က အကောင်ရေ တိုးပွားလာကြပြီ" ဟု သူမက ဆိုသည်။

ယခုအခါ အကောင်ရေ (၆၀) နှင့် (၁၀၀) ကြားရှိ ခြင်္သေ့ခေါင်း ယုန်မျိုးစိတ် (lion head rabbits) ယုန်များက Ford Lauderdale မြို့နှင့် ကပ်လျက်ရှိ Wilton Manors မြို့ရှိ နေအိမ်များ၏ နောက်ဖေးဥယျာဥ် မြေကွက်လပ်များတွင် နေထိုင်ကျက်စားနေကြကြောင်း သိရသည်။ 

ယုန်အမများမှာ အသက် (၃) လအရွယ်မှစ၍ လစဥ် (၂) ကောင်မှ (၆) ကောင်အထိ သားပေါက်လေ့ရှိရာ ယုန်အကောင်ရေမှာ အလျင်အမြန် တိုးပွားများပြားလာသည်ဟု ဆိုသည်။

ထိုယုန်များကို မြို့ခံများက အစာရေစာ ကျွေးမွေးပြီး စောင့်ရှောက်ထားကြသည်။ 

ယုန်များကို ဖမ်းဆီးခြင်း၊ မျိုးမပွားနိုင်ရန် လုပ်ဆောင်ပေးခြင်း၊ ကာကွယ်ဆေးထိုးခြင်း၊ နေထိုင်စရာ ဖန်တီးပေးခြင်း စသည်တို့အတွက် အမေရိကန်ဒေါ်လာ (၂၀,၀၀၀) မှ (၄၀,၀၀၀) ရရှိရန် ယုန်ထိန်သိမ်းစောင့်ရှောက်သူ Griggs က ကနဦး လုပ်ဆောင်နေကြောင်း သိရပြီး လွယ်ကူသည့် လုပ်ငန်းစဥ်တစ်ခု မဟုတ်ဟု ဆိုသည်။

 

Source: NY Post

Photo: AP Photo/Wilfredo Lee