နိုင်ဂျီးရီးယားတွင် စားနပ်ရိက္ခာဝေပေးစဥ် လူအုပ်ပိပြီး ကလေးငယ်များအပါအဝင် လူပေါင်း ၃၀ ကျော် သေဆုံး

နိုင်ဂျီးရီးယားတွင် စားနပ်ရိက္ခာဝေပေးစဥ် လူအုပ်ပိပြီး ကလေးငယ်များအပါအဝင် လူပေါင်း ၃၀ ကျော် သေဆုံး
By Mr John

နိုင်ဂျီးရီးယားနိုင်ငံရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ခုတွင် စားနပ်ရိက္ခာဝေပေးစဉ် တိုးဝှေ့ရယူကြရာမှ လူအုပ်ပိပြီး ကလေးငယ်များအပါအဝင် လူ (၃၁) ဦး သေဆုံးသွားသည့်ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ 

မေလ (၂၈) ရက်နေ့ နံနက်ပိုင်းက နိုင်ဂျီးယားတောင်ပိုင်း Port Harcourt မြို့တွင် ဘုရားကျောင်းတစ်ကျောင်းက ချို့တဲ့သူများအား စားနပ်ရိက္ခာပေးဝေသည့် အားကစားကွင်းတစ်ခုအတွင်း  ညကတည်းက လာရောက်စောင့်ဆိုင်းသူများဖြင့် ကြီးမားသည့်လူအုပ်စုမှာ ဝရုန်းသုန်းကားဖြစ်လာကာ စီစဉ်သူများက အခြေအနေတည်ငြိမ်အောင် မထိန်းနိုင်ခဲ့ဘဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

လူအုပ်ပိ၍သေဆုံးခဲ့သူများတွင် အမျိုးသမီးများနှင့် ကလေးငယ်များ အများအပြားပါဝင်သည်ဟု သိရသည်။

မျက်မြင်တွေ့ရှိခဲ့သူများက AFP သတင်းဌာနကို ပြောကြားမှုအရ တွန်းထိုးနေသည့်လူအုပ်သည် ဝင်ပေါက်နေရာသို့ရောက်ရှိရန် ကြိုးစားကြစဉ် အချို့မှာ လဲကျပြီး လူအုပ်နင်းခံလိုက်ကြရခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ အခြေအနေကို ထိန်းသိမ်းရန် လုံခြုံရေးတပ်ဖွဲ့နှင့် အရေးပေါ်ဌာန တာဝန်ရှိသူများကို ခေါ်ယူခဲ့ရပြီး ဒဏ်ရာရသူများကို Port Harcourt မြို့ရှိ စစ်ဆေးရုံတွင် ကုသပေးနေကြောင်း သိရသည်။ 

စားနပ်ရိက္ခာဝေငှခဲ့သည့် King's Assembly ဘုရားကျောင်းက ယခုဖြစ်ရပ်ကြောင့် အလွန်စိတ်မကောင်းဖြစ်ရကြောင်းနှင့် ဘေးကင်းရေးနှင့် လူအုပ်စု စီမံခန့်ခွဲရေး လုပ်ငန်းစဥ်များကို ပြန်သုံးသပ်နေကြောင်း ပြောကြားသည်။

ဘုရားကျောင်းက ယင်းကဲ့သို့ စားနပ်ရိက္ခာဝေငှခြင်းကို ၂၀၁၄ ခုနှစ်မှစတင်ခဲ့ပြီး ယခုနှစ်တွင်မူ လာရောက်သူများမှာ ယခင်နှစ်ကထက် ပိုမိုများပြားခဲ့ပြီး  စားနပ်ရိက္ခာဝေငှသည့်နေရာတွင် လုံခြုံရေးအဖွဲ့များ မရောက်မီကတည်းက စုရုံးရောက်ရှိနေခဲ့ကြကာ လုံးဝ မမျှော်လင့်ထားသည့် အခြေအနေနှင့် ကြုံရသည်ဟု သိရသည်။

ယခုကဲ့သို့ အစီအစဥ်များ ပြုလုပ်ပါက လုံခြုံရေးနှင့် လူအုပ်စုထိန်းသိမ်းရေးအတွက် ရဲတပ်ဖွဲ့နှင့် သေသေချာချာ ပူးပေါင်းလုပ်ကိုင်ရန် ဘာသာရေးနှင် ပရဟိတအဖွဲ့များကို ရဲတပ်ဖွဲ့က ပြောကြားထားသည်ဟု သိရသည်။

ယခုဖြစ်ရပ်ကို ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုအပြင် ဒေသဆိုင်ရာအစိုးရ ကော်မတီဖြင့်လည်း စစ်ဆေးမည်ဟု သိရသည်။

ယမန်နှစ်ကလည်း Borno ပြည်နယ်တွင် အကူအညီပေးရေး အေဂျင်စီတစ်ခုက စားနပ်ရိက္ခာဝေငှစဥ် အမျိုးသမီး (၇) ဦး လူနင်းခံရပြီး သေဆုံးခဲ့မှု အပါအဝင် နိုင်ဂျီးရီးယားတွင် အလားတူ အဖြစ်ဆိုးများ လတ်တလော နှစ်များအတွင်း ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။ 

Port Harcout  မြို့မှာ နိုင်ဂျီးရီးယားတွင် ရေနံအဓိကထွက်သည့် နေရာဖြစ်ပြီး နိုင်ဂျီးရီးယားတွင် ရေနံကြွယ်ဝသော်လည်း ပြည်သူ (၄၀) ရာခိုင်နှုန်းခန့်က ဆင်းရဲမွဲတေမှု သတ်မှတ်ချက်အဆင့်အောက်တွင် နေထိုင်နေကြရကြောင်း သိရသည်။

Soure: BBC, The Mirror