ဘရာဇီးတွင် သမ္မတဟောင်း ဘိုလ်ဆွန်နာရိုကို ထောက်ခံသူများက သမ္မတနန်းတော်၊ ကွန်ဂရက်နှင့် တရားရုံးချုပ်တို့ကို ကျူးကျော်ဖျက်ဆီး

ဘရာဇီးတွင် သမ္မတဟောင်း ဘိုလ်ဆွန်နာရိုကို ထောက်ခံသူများက သမ္မတနန်းတော်၊ ကွန်ဂရက်နှင့် တရားရုံးချုပ်တို့ကို ကျူးကျော်ဖျက်ဆီး
ဇန်နဝါရီ 9, 2023 | နိုင်ငံတကာသတင်း
By Mr John

ဘရာဇီးနိုင်ငံတွင် ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့သည့် လက်ယာစွန်းဝါဒီ သမ္မတဟောင်း ဘိုလ်ဆွန်နာရိုကို ထောက်ခံသူများက ကွန်ဂရက်လွှတ်တော်၊ သမ္မတနန်းတော်နှင့် တရားရုံးချုပ်တို့ကို ၂၀၂၃ခုနှစ် ဇန်နဝါရီလ (၈) ရက်နေ့က ကျူးကျော်ဝင်ရောက်ပြီး ဖျက်ဆီးမှုများလုပ်ခဲ့ကြကြောင်း သိရသည်။ 

ယခုဖြစ်ရပ်မှာ အမေရိကန်နိုင်ငံတွင် လွန်ခဲ့သည့် (၂) နှစ်က သမ္မတဟောင်းဒေါ်နယ်ထရမ့်ကို ထောက်ခံသူများ ကွန်ဂရက်လွှတ်တော်ကို စီးနင်းခဲ့မှုကဲ့သို့ပင် အလားသဏ္ဍာန်တူပြီး အကျည်းတန်သောလုပ်ရပ် ဖြစ်သည်။

ထောင်နှင့်ချီသည့် ဘိုလ်ဆွန်နာရိုထောက်ခံသူများက အရေးပါသည့် အစိုးရအဆောက်အအုံများကို ကျူးကျော်ခဲ့ပြီးနောက် ဘရာဇီးတရားရုံးချုပ်က ဘရာစီလီယာမြို့တော်ဝန်ကို မြို့တော်လုံခြုံရေး အားနည်းချက်များကြောင့် ရာထူးမှ ရက် (၉၀) ကြာ ဆိုင်းငံ့ဖယ်ရှားလိုက်ကြောင်း သိရသည်။ 

တရားရုံးချုပ် တရားသူကြီး Alexandre de Moraes က ဆိုရှယ်မီဒီယာများဖြစ်သည့် Facebook, Twitter နှင့် TikTok တို့ကိုလည်း အာဏာသိမ်းမှု အားပေးလှုံ့ဆော်သည့် ဝါဒဖြန့်မှုများကို ပိတ်ပင်ရန် အမိန့်ထုတ်ခဲ့သည်။

ယခုအခါ ဘရာဇီးအာဏာပိုင်များက နိုင်ငံ၏ အရေးပါသည့် အဖွဲ့အစည်းနေရာများကို ကျူးကျော်ဖျက်ဆီးမှုအား စတင်စုံစမ်းစစ်ဆေးနေပြီဟု ဆိုသည်။ 

သမ္မတ လူးဝစ်အင်နာစီယို လူလာဒါဆေးလ်ဗားက ယခု ဆူပူအုံကြွမှုအတွက် တာဝန်ရှိသူများကို အရေးယူသွားမည်ဟု ပြောဆိုခဲ့သည်။

၂၀၂၁ ခုနှစ် အောက်တိုဘာလ (၃၁) ရက် သမ္မတရွေးကောက်ပွဲတွင် လက်ဝဲဝါဒီ လူလာဒါဆေးလ်ဗားက ဘိုလ်ဆွန်နာရိုကို အနိုင်ရခဲ့ပြီး တစ်ကျော့ပြန် သမ္မတဖြစ်လာခဲ့သည်။ 

လူလာဒါဆေးလ်ဗားက ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၁) ရက်တွင် ကျမ်းသစ္စာကျိန်ဆိုပြီး သမ္မတရာထူးကို စတင်တာဝန်ယူခဲ့သည်။ 

ဘိုလ်ဆွန်နာရို၏ မဟာမိတ်ဟောင်းဖြစ်သူ ဘရာစီလီယာမြို့တော်ဝန် Ibaneis Rocha ၏ ထိန်းချုပ်မှုအောက်ရှိ နယ်မြေခံ စစ်ရဲတပ်ဖွဲ့က ဆန္ဒပြသူများကို ဟန့်တားရန် တစ်စုံတရာ လုပ်ဆောင်ခဲ့ခြင်းမရှိဟု သမ္မတ လူလာဒါဆေးလ်ဗားက ပြောသည်။

ဘရာစီလီယာမြို့တော်တွင် ပြည်ထောင်စုလုံခြုံရေးဌာနက လုံခြုံရေးကိစ္စများကို ဇန်နဝါရီလ (၃၁) ရက်အထိ ကြားဝင်ဆောင်ရွက်မည်ဟုလည်း သမ္မတက ကြေညာထားသည်။ 

ကနဦး အခြေအနေတွင် မြို့တော်လုံခြုံရေးတပ်ဖွဲ့များက ကျူးကျော်သူများကို ထိန်းသိမ်းရန် မနိုင်မနင်းဖြစ်ခဲ့သည်ဟု ဆိုသည်။ 

ဘိုလ်ဆွန်နာရိုက ၎င်းကိုထောက်ခံသူများကို သွေးထိုးပေးမှုကြောင့် ယခုဖြစ်ရပ် ဖြစ်ပွားလာခြင်းဖြစ်ကြောင်း သမ္မတ လူလာဒါဆေးလ်ဗားက အပြစ်တင်ခဲ့သည်။

Source: Reuters

Photo: REUTERS/Adriano Machado, REUTERS/Antonio Cascio, REUTERS/Ueslei Marcelino,