နိုင်ဂျီးရီးယားနိုင်ငံကနေ ပင်လယ်ကူးသင်္ဘော၏ တက်မပေါ်တွင် (၁၁)ရက်အကြာ သင်္ဘောခိုးစီးပြီး စပိန်သို့ လိုက်ပါ

Photo: SALVAMENTO MARITIMO,
Photo: SALVAMENTO MARITIMO,
နိုင်ဂျီးရီးယားနိုင်ငံကနေ ပင်လယ်ကူးသင်္ဘော၏ တက်မပေါ်တွင် (၁၁)ရက်အကြာ သင်္ဘောခိုးစီးပြီး စပိန်သို့ လိုက်ပါ
နိုဝင်ဘာ 30, 2022 | နိုင်ငံတကာသတင်း
By Mr John

 

နိုင်ဂျီးရီးယားနိုင်ငံမှ (၁၁) ရက်ကြာ ပင်လယ်‌ရေကြောင်းခရီးရှည် ခုတ်မောင်းလာသည့် ပင်လယ်ကူးသင်္ဘောကြီးတစ်စီး စပိန်နိုင်ငံသို့ ဆိုက်ရောက်လာခဲ့ပြီးနောက် သင်္ဘောခိုးစီးလာသူ အမျိုးသား (၃) ဦးကို တက်မပေါ်တွင် ထိုင်လျက်သား တွေ့ရှိခဲ့ရကြောင်း စပိန်အာဏာပိုင်များက ပြောသည်။ 

စပိန်ကမ်းခြေစောင့်တပ်ဖွဲ့က မျှဝေထားသည့် ဓာတ်ပုံတစ်ပုံတွင် ရေနံတင်သင်္ဘော၏ ပဲ့ပိုင်းရှိ တက်မကြီးပေါ်တွင် အမျိုးသားများ ထိုင်နေသည်ကို တွေ့ရပြီး ၎င်းတို့၏ ခြေထောက်များမှာ ရေပြင်မှ တစ်မီတာအောက် အကွာတွင်ရှိနေသည်။

ထိုအမျိုးသား (၃) ဦးကို သင်္ဘော ဆိုက်ကပ်ခဲ့သည့် Gran Canaria ကျွန်းရှိ ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး မပြင်းထန်သည့် ရေဓာတ်ခမ်းခြောက်မှုအတွက် ကုသပေးခဲ့ကြောင်း သိရသည်။ 

၎င်းတို့မှာ (၁၁) ရက်ကြာ ပင်လယ်ရေကြောင်းခရီးရှည်တစ်လျှောက်လုံး တက်မပေါ်တွင် လိုက်ပါလာခဲ့ခြင်းဟုတ် မဟုတ် အတိအကျ မသိရသေးဟု ဆိုသည်။

မော်လ်တာနိုင်ငံအလံ လွှင့်ထူထားသည့် Althini II ရေနံတင်သင်္ဘောမှာ နိုင်ဂျီးရီးယားနိုင်ငံ လာဂို့စ်မြို့မှ ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး Gran Canaria ကျွန်းပေါ်ရှိ Las Palmas မြို့သို့ ဆိုက်ရောက်ခဲ့ကြောင်းနှင့် ရေမိုင် (၂,၇၀၀) ကျော်ရှိသည့် ပင်လယ်ရေကြောင်းခရီးရှည်ဖြစ်ကြောင်း ရေလမ်းကြောင်းသွားလာရေး ခြေရာခံ စောင့်ကြည့်ဝက်ဘ်ဆိုက်၏ အချက်အလက်များအရ သိရှိရသည်။

ပင်လယ်ကူးသင်္ဘောကြီးများ၏ တက်မပေါ်တွင် သင်္ဘောခိုးစီးသူများကို တွေ့ရခြင်းမှာ ပထမဆုံးအကြိမ် မဟုတ်ဟု ဆိုသည်။ 

 SALVAMENTO MARITIMO,

၂၀၂၀ ခုနှစ်ကလည်း လာဂို့စ်မှ Gran Canaria သို့ ခုတ်မောင်းလာသည့် ရေနံတင်သင်္ဘောကြီးတစ်စီး၏ (၁၅) ရက်ကြာ ပင်လယ်ရေလမ်းကြောင်း ခရီးရှည်တစ်လျှောက်လုံး တက်မပေါ်တွင် ခိုးလိုက်လာသည့် အသက် (၁၄) နှစ်အရွယ် ယောက်ျားလေးတစ်ဦးကို တွေ့ခဲ့ရသည်။

ထိုနှစ်အတွင်းမှာပင် လာဂို့စ်မှ Las Palmas သို့ ပင်လယ်ရေလမ်းကြောင်းခရီးရှည်နှင်လာသည့် နော်ဝေနိုင်ငံမှ Champion Pula ရေနံတင်သင်္ဘောကြီး၏ တက်မပေါ်တွင် အမျိုးသား (၄) ဦးကို တွေ့ရှိခဲ့သည်။ 

၎င်းတို့က (၁၀) ရက်ကြာ ပင်လယ်ပြင်ခရီးရှည်အတွင်း တက်မနောက်ဘက်ရှိ အခန်းတစ်ခန်းထဲတွင် ပုန်းအောင်းလိုက်ပါလာခဲ့ကြကြောင်း ထိုစဥ်က သတင်းများတွင် ဖော်ပြခဲ့သည်။

Source: BBC, CNN