ဟောင်ကောင်တွင် ကျင်းပသည့် ထိုင်း ဆွန်ခရမ်ပွဲတော်အတွင်း ရဲအရာရှိများကို ရေသေနတ်ဖြင့် ရေပက်ခဲ့သည့် အမျိုးသား (၂)ဦး အဖမ်းခံရ

ဟောင်ကောင်တွင် ကျင်းပသည့် ထိုင်း ဆွန်ခရမ်ပွဲတော်အတွင်း ရဲအရာရှိများကို ရေသေနတ်ဖြင့် ရေပက်ခဲ့သည့် အမျိုးသား (၂)ဦး အဖမ်းခံရ
By Mr John

ဟောင်ကောင်တွင် ရဲအရာရှိများကို ရေသေနတ်ဖြင့် ရေပက်ခဲ့သည့် အမျိုးသား (၂) ဦး အဖမ်းခံရကြောင်း သိရသည်။ 

ဧပြီလ (၉) ရက်နေ့က ဟောင်ကောင်ဒေသ Kowloon မြို့တွင် ကျင်းပခဲ့သည့် ဆွန်ခရမ်ပွဲတော်အတွင်း အသက် (၂၅) နှစ်နှင့် (၂၆) နှစ်အရွယ် အမျိုးသား (၂) ဦးက ရဲအရာရှိများနှင့် သတင်းထောက်များကို ရေသေနတ်များ၊ ရေဘူးများဖြင့် အနီးကပ် ရေပက်ခဲ့ကြောင်း ထိုမြို့၏ ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ် Cheung Lok-chuen က ပြောသည်။

ထိုအမျိုးသား (၂) ဦးက အခြား အမျိုးသား (၄) ဦးနှင့်အတူ တာဝန်ထမ်းဆောင်နေသည့် ရဲအရာရှိများကို အနှောင့်အယှက်ပြုခဲ့ပြီး ၎င်းတို့၏ လုပ်ရပ်မှာ အများပြည်သူ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန် ရည်ရွယ်၍ ကြံစည်လုပ်ဆောင်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း Cheung က ဆိုသည်။ 

အဆိုပါ အမျိုးသားအုပ်စုက ရဲအရာရှိများကို စုစုပေါင်း (၃) မိနစ်ကြာ ရေသေနတ်များ၊ ရေဘူးများဖြင့် ရေပက်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် ၎င်းတို့က အဆိုပါ ဖြစ်ရပ်ကို မှတ်တမ်းတင်ရိုက်ကူးထားသော ဗီဒီယိုတစ်ခုအား နိုင်ငံတော်အပေါ် အကြည်ညိုပျက်စေသည့် စကားလုံးအသုံးအနှုန်းများနှင့်အတူ အွန်လိုင်းတွင် တင်ခဲ့သည်ဟု ဟောင်ကောင်ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ် Cheung က ဧပြီလ (၁၂) ရက် နှောင်းပိုင်းတွင် ပြောခဲ့သည်။ 

ရဲတပ်ဖွဲ့အနေဖြင့် ထိုလုပ်ရပ်မှာ ကြိုတင်ကြံစည်ထားခြင်း ဖြစ်နိုင်ခြေကို ထည့်သွင်းစဥ်းစားထားကြောင်းနှင့် နောက်ထပ် ဖမ်းဆီးမှုများရှိနိုင်ကြောင်းလည်း ၎င်းကဆိုသည်။

ထိုအမျိုးသား (၂) ဦးကို အများပြည်သူဆိုင်ရာ နေရာတစ်ခုတွင် မတည်မငြိမ်ဖြစ်စေမှုဖြင့် ဖမ်းဆီးထားကြောင်း သိရသည်။ 

ဟောင်ကောင်တွင် Kowloon မြို့ကို ထိုင်းလူမျိုးများ နေထိုင်မှုများသည့်အတွက် “little Thailand” ဟု လူသိများကြပြီး ၂၀၂၀ ခုနှစ်ကတည်းက COVID-19 ကပ်ရောဂါကြောင့် ကျင်းပခဲ့ခြင်းမရှိသည့် ထိုင်းနှစ်သစ်ကူး ဆွန်ခရမ်ပွဲတော်ကို ၂၀၂၃ ခုနှစ် ဧပြီလ (၉) ရက်နေ့တွင် ပထမဆုံးအကြိမ် ပြန်လည်ကျင်းပခဲ့ခြင်း ဖြစ်သည်။

Source: HongKongFP