ထိုင်းနိုင်ငံတွင် ဆေးကုသမှု ခံယူနေရသည့် မိုင်းဖုန်းဆရာတော် ကျန်းမာရေး ပြန်လည် ကောင်းမွန်

ထိုင်းနိုင်ငံတွင် ဆေးကုသမှု ခံယူနေရသည့် မိုင်းဖုန်းဆရာတော် ကျန်းမာရေး ပြန်လည် ကောင်းမွန်
ဇူလိုင် 16, 2023 | ရှမ်းရှေ့

 မြန်မာနိုင်ငံ တာချီလိတ်မြို့ကနေ ထိုင်းနိုင်ငံသို့  ညတွင်းချင်း အရေးပေါ် ဆေးကုသမှု ခံယူရန်အတွက် ကြွရောက်နေသည့် မိုင်းဖုန်းဆရာတော်သည် ကျန်းမာရေးအခြေအနေ ပြန်လည် ကောင်းမွန်လာပြီဖြစ်ကြောင်း သိရသည်။



သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဉာဏသံဝရ၏ ကျန်းမာရေးအခြေအနေအရ ၂၀၂၃ခုနှစ် ဇူလိုင်လ(၁၄)ရက်နေ့ ည(၉)နာရီ မိနစ် (၅၀)အချိန်က ထိုင်းနိုင်ငံဘက်သို့ ညတွင်းချင်း အရေးပေါ်ပို့ဆောင်လိုက်ရရာမှ  ကျန်းမာရေးအခြေအနေ ကောင်းမွန်နေပြီဖြစ်ကြောင်းကို ယနေ့ ဇူလိုင်လ(၁၆)ရက်နေ့တွင် သိရသည်။

မိုင်းဖုန်းဆရာတော်သည် အထူးဒေသ(၄)မိုင်းလားရှိ မိုင်းခန်ဖဝတ်ဂူသို့ အဓိဌာန်မဝင်မီ ၂၀၂၃ခုနှစ် ဇူလိုင်လ(၂)ရက်နေ့ နံနက်ပိုင်းက မှိုဆွမ်းဟင်းဘုဉ်းပေးမိခဲ့ရာမှ မူးဝေပျို့အန်သည့် ဝေဒနာခံစားခဲ့ရပြီးနောက်ပိုင်း ဇူလိုင်လ(၈)ရက်နေ့တွင် ထိုင်းနိုင်ငံ ချင်းရိုင်းမြို့ရှိ ဘန်ကောက်ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူပြီးနောက် ဇူလိုင်လ(၁၀)ရက်နေ့တွင် ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံ တာချီလိတ်မြို့ မိုင်းဖုန်း(က)ကျေးရွာအုပ်စုရှိ ကျောင်းတိုက်သို့ ပြန်လည် ကြွလာနိုင်ခဲ့ကြောင်း သိရသည်။

ယခုအခါမှာ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဒုတိယအကြိမ် ပြန်လည်ပြီး ဆေးကုသမှု ခံယူရခြင်းလည်း ဖြစ်သည်။

မိုင်းဖုန်းဆရာတော်သည် လက်ရှိ ဇူလိုင်လ(၁၆)ရက်နေ့ ညနေ(၅)နာရီခွဲဝန်းကျင်အချိန်အထိ ဘန်ကောက်မြို့ရှိ ဘန်ကောက်ဆေးရုံတွင် ရှိနေပြီး မည်သည့်နေ့တွင် တာချီလိတ်မြို့သို့ ပြန်လည်ကြွရောက်မည်ကို Tachileik News Agency အနေဖြင့် မသိရသေးပေ။