နယ်သာလန်တွင် အပြင်းထန်ဆုံး နွေရာသီမုန်တိုင်းကြောင့် လူတစ်ဦး သေဆုံးပြီး လေယာဥ်ခရီးစဥ်(၄၀၀)ဖျက်သိမ်းခဲ့ရ

နယ်သာလန်တွင် အပြင်းထန်ဆုံး နွေရာသီမုန်တိုင်းကြောင့် လူတစ်ဦး သေဆုံးပြီး လေယာဥ်ခရီးစဥ်(၄၀၀)ဖျက်သိမ်းခဲ့ရ
ဇူလိုင် 6, 2023 | နိုင်ငံတကာသတင်း
By Mr John

နယ်သာလန်နိုင်ငံတွင် ၂၀၂၃ခုနှစ် ဇူလိုင်လ (၅) ရက်နေ့က အပြင်းထန်ဆုံး နွေရာသီမုန်တိုင်း တိုက်ခတ်ခဲ့ရာ လူတစ်ဦး သေဆုံးပြီး နိုင်ငံတကာလေယာဥ်နှင့် ရထားခရီးစဥ်များ ဖျက်သိမ်းခဲ့ရကြောင်း သိရသည်။ 

Poly မုန်တိုင်း တိုက်ခတ်မှုကြောင့် နယ်သာလန်မြို့တော် အမ်စတာဒမ်မြို့ရှိ Schiphol လေဆိပ်တွင် လေယာဥ်ခရီးစဥ် (၄၀၀)ကို ဖျက်သိမ်းခဲ့ရကြောင်း လေဆိပ်တာဝန်ရှိသူများက AFP သတင်းဌာနကို ပြောသည်။

"အခုအချိန်မှာ လေယာဥ်ခရီးစဥ် (၄၀၀) ကို ဖျက်သိမ်းထားပါတယ်" Schiphol လေဆိပ် ပြောခွင့်ရပုဂ္ဂိုလ်က AFP ကို ပြောသည်။

အမ်စတာဒမ်မြို့ရှိ Schiphol လေဆိပ်တွင် လေပြင်းတိုက်ခတ်မှု၊ မိုးရွာသွန်းမှုနှင့် မြင်ကွင်း မရှင်းလင်းမှုတို့ကြောင့် ဆိုက်ရောက်နှင့်ထွက်ခွာ လေကြောင်းခရီးစဥ် (၂) ခုလုံးကို အနည်းဆုံး ဒေသစံတော်ချိန် ဇူလိုင်လ (၅) ရက် မွန်းလွဲ (၂) နာရီအထိ ကန့်သတ်ထားမည်ဟု လေဆိပ်က ထုတ်ပြန်ခဲ့သည်။ 



ထို့အတူ အမ်စတာဒမ်မြို့မှ လန်ဒန်မြို့သို့ ပြေးဆွဲနေသော Eurostar ရထားခရီးစဥ်များနှင့် ဂျာမနီနိုင်ငံ ကိုလုံးမြို့နှင့် ဟမ်းဘတ်မြို့သို့ ပြေးဆွဲနေသော မြန်နှုန်းမြင့် ရထားခရီးစဥ်များကိုလည်း ဖျက်သိမ်းခဲ့ရသည်။ 

နယ်သာလန် ပြည်တွင်းရထားခရီးစဥ် အများအပြားကိုလည်း မုန်တိုင်းကြောင့် ဖျက်သိမ်းခဲ့ရကြောင်း ရထားကုမ္ပဏီ NS က ပြောသည်။

Poly မုန်တိုင်းက မြေနိမ့်ပိုင်းဒေသဖြစ်သော နယ်သာလန်နိုင်ငံ၏ မြောက်ပင်လယ် (North Sea) ကမ်းရိုးတန်းကို လေတိုက်နှုန်း တစ်နာရီလျှင် မိုင် (၉၀) ဖြင့် ဖြတ်သန်းတိုက်ခတ်ခဲ့ရာ သစ်ပင်များလဲကျပြီး အာဏာပိုင်များက ဒေသခံများကို အိမ်အပြင်မထွက်ကြရန် သတိပေးထားခဲ့ရသည်။ 

မုန်တိုင်းတိုက်ခတ်စဥ် ၎င်း၏ကားပေါ်သို့ သစ်ပင်လဲကျမှုကြောင့် အသက် (၅၁) နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

မုန်တိုင်းကြောင့် သစ်ပင်များလဲကျပြီး ကုန်တင်ကားများ တိမ်းမှောက်ခဲ့မှုကြောင့် အမြန်လမ်းမများ ပိတ်ဆို့ခဲ့ကြောင်းလည်း သိရသည်။ 

နယ်သာလန်တွင် ပုံမှန်အားဖြင့် မုန်တိုင်းရာသီမှာ အောက်တိုဘာလမှ ဧပြီလအထိဖြစ်ကြောင်း နယ်သာလန်မိုးလေဝသဌာန Weerplaza က ဆိုသည်။ 

ယခု မုန်တိုင်းမှာ နယ်သာလန်တွင် နွေရာသီကာလအတွင်း အပြင်းထန်ဆုံး မုန်တိုင်းအဖြစ် စံချိန်တင်ခဲ့ကြောင်းလည်း မိုးလေဝသဌာနက ထုတ်ပြန်သည်။ 

၁၉၅၃ ခုနှစ် ဇန်နဝါရီလ (၃၁) ရက် ညပိုင်းမှ ဖေဖေါ်ဝါရီလ (၁) ရက်အထိ တိုက်ခတ်ခဲ့ပြီး နယ်သာလန်တွင် လူပေါင်း (၁,၈၃၆) ဦး သေဆုံးခဲ့သည့် မုန်တိုင်းမှာ မြောက်ပင်လယ်တွင် အပြင်းထန်ဆုံး မုန်တိုင်းတစ်ခုဖြစ်ခဲ့သည်။

#TachileikNewsAgency

Source: AFP