တောင်ကိုရီးယားမှ မြန်မာ့အရေးလှုပ်ရှားနေသည့် ဒယ်ဂူးဘုန်းဘုန်း ဗုဒ္ဓအရေးလှုပ်ရှားသူဆု ချီးမြှင့်ခံရ

တောင်ကိုရီးယားမှ မြန်မာ့အရေးလှုပ်ရှားနေသည့် ဒယ်ဂူးဘုန်းဘုန်း ဗုဒ္ဓအရေးလှုပ်ရှားသူဆု ချီးမြှင့်ခံရ
ဒီဇင်ဘာ 1, 2021 | နိုင်ငံတကာသတင်း

တောင်ကိုရီးယားနိုင်ငံမှ မြန်မာ့အရေးတက်ကြွ ဦးဆောင်လှုပ်ရှားနေသည့် နွေဦးတော်လှန်ရေးဆရာတော်(ဒယ်ဂူးဘုန်းဘုန်း)အား ၂၀၂၁ ခုနှစ်အတွက် ဗုဒ္ဓအရေးလှုပ်ရှားသူဆုကို တောင်ကိုရီးယားနိုင်ငံ၏ ဗုဒ္ဓဘာသာဆိုင်ရာအကြီးဆုံးအဖွဲ့ဖြစ်သည့် ဂျိုဂယ်ဆာ Representative of Buddha အဖွဲ့က ချီးမြှင့်လိုက်သည်။

အဆိုပါဆုကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်နေ့က ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး လက်ခံရရှိသည့်ဆုအား တန်ဖိုးရှိသည့်နေရာတွင် သုံးစွဲသွားမည်ဖြစ်ကာ မြန်မာ့နွေဦးတော်လှန်ရေးကို အားပေးထောက်ခံကြသည့် ကိုရီးယားပြည်သူနှင့် အစိုးရအား ကျေးဇူးတင်မေတ္တာပို့ပါသည်ဟု ဒယ်ဂူးဘုန်းဘုန်းက မိန့်ကြားထားသည်။

စစ်အာဏာသိမ်းခံရမှုမှ လွတ်မြောက်ရန် ကြိုးပမ်းနေကြသည့် မြန်မာပြည်သူလူ၏ နွေဦးတော်လှန်ရေးကို နိုင်ငံတကာမှ သိရှိစေရေးနှင့် တော်လှန်ရေးအင်အားစုများအတွက် အထောက်အပံ့များ ရှာဖွေပေးခြင်းတို့အတွက်  နွေဦးတော်လှန်ရေးဆရာတော်(ဒယ်ဂူးဘုန်းဘုန်း)ဦးဆောင်ပြီး   ကိုရီးယား - မြန်မာ တက်ကြွလှုပ်ရှားသူများက အပတ်စဉ် ကြာသပတေး နှင့် တနင်္ဂနွေနေ့များတွင် မြန်မာစစ်အာဏာရှင်ကျဆုံးရေးအတွက် ဆန္ဒပြမှုများ လုပ်ဆောင်လျက်ရှိသည့်အပြင် တော်လှန်ရေးစစ်သည်တော်များအတွက်ပါ ရန်ပုံငွေရှာဖွေမှုများပါ လုပ်ဆောင်လေ့ရှိကြောင်း သိရသည်။