ယူကရိန်းစစ်ပွဲနှင့်အတူ ကမ္ဘာကြီးက အမှောင်ကာလ နှင့် ရင်ဆိုင်နေရဟု ဂျိုးဘိုင်ဒန်ပြော

ယူကရိန်းစစ်ပွဲနှင့်အတူ ကမ္ဘာကြီးက အမှောင်ကာလ နှင့် ရင်ဆိုင်နေရဟု ဂျိုးဘိုင်ဒန်ပြော
By Mr John

ရုရှားက ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်မှုနှင့်အတူ မိမိတို့၏ သမိုင်းတွင် ကမ္ဘာကြီးက အမှောင်ကာလတစ်ခုကို ဦးတည်သွားနေကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က အဓိကကျသည့် အာရှမဟာမိတ်များကို ပြောခဲ့သည်။ 

ယူကရိန်းတွင် ဖြစ်ပွားနေသည့် စစ်ပွဲမှာ ယခုအခါ ကမ္ဘာလုံးဆိုင်ရာ ပြဿနာတစ်ရပ်ဖြစ်လာပြီး နိုင်ငံတကာစည်းမျဥ်းကို ကာကွယ်ရန် အရေးကြီးကြောင်း မီးမောင်းထိုးပြနေသည်ဟုလည်း ဂျိုးဘိုင်ဒန်က ဆိုသည်။

ဂျပန်ဝန်ကြီးချုပ် ဖူမီအိုကီရှီဒါကလည်း အမေရိကန်သမ္မတ၏ မှတ်ချက်ပြုမှုများအတိုင်း တစ်သဘောတည်းရှိခဲ့ပြီး အာရှတွင် အလားတူကျူးကျော်မှုမျိုး မဖြစ်သင့်ကြောင်း ပြောခဲ့သည်။ 

ဂျိုးဘိုင်ဒန်က အမေရိကန်သမ္မတအဖြစ် ၎င်း၏ အာရှခရီးစဥ်အတွင်း ဂျပန်နိုင်ငံတွင် ဂျပန်၊ ဩစတြေးလျနှင့် အိန္ဒိယခေါင်းဆောင်များနှင့် QUAD (Quadrilateral Security Dialogue) အဖွဲ့ဝင်နိုင်ငံများ ထိပ်သီးအစည်းအဝေး ပြုလုပ်ခဲ့သည်။

QUAD ထိပ်သီးအစည်းအဝေးတွင် ဒေသတွင်း တရုတ်နိုင်ငံ၏  ဩဇာလွှမ်းမိုးမှုကြီးလာခြင်း အပါအဝင် လုံခြုံရေးနှင့် စီးပွားရေး စိုးရိမ်ပူပန်မှုများနှင့် ရုရှားကျူးကျော်မှု အပေါ် သဘောထားကွဲလွဲမှုများကို ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။ 

ရုရှားက ယူကရိန်း၏ ဂျုံတင်ပို့မှုများကို ပိတ်ဆို့ထားမှုကြောင့် ကမ္ဘာတဝန်း စားနပ်ရိက္ခာအကျပ်အတည်း ပိုမိုဆိုးရွားစေရာ ယူကရိန်းစစ်ပွဲက ကမ္ဘာ့နေရာဒေသ အားလုံးကို ထိခိုက်လာမည်ဟု ဂျိုးဘိုင်ဒန်က ပြောသည်။

ယခုထိပ်သီးအစည်းအဝေးတွင် QUAD အဖွဲ့ဝင်နိုင်ငံများက ဒေသတွင်း တရုတ်လှုပ်ရှားမှုကို စောင့်ကြည့်ရေးတိုးမြှင့်ရန် မျှော်လင့်ထားသော ပင်လယ်ရေကြောင်း စောင့်ကြည့်မှု အစီအစဥ်သစ်တစ်ခု စတင်ဆောင်ရွက်ကြောင်း ကြေညာခဲ့သည်။ 

ထို့အတူ နောက် (၅) နှစ်အတွင်း အခြေခံအဆောက်အအုံနှင့် ရင်းနှီးမြှုပ်နှံမှုတွင် အနည်းဆုံး အမေရိကန်ဒေါ်လာ (၅၀) ဘီလီယံ သုံးစွဲမည့် အစီအစဥ်ကိုလည်း QUAD အဖွဲ့က ကြေညာခဲ့ကြောင်း သိရသည်။

Source: BBC