ဝန်ကြီးချုပ်ဟောင်း သက်ဆင် ဩဂုတ်လ (၁၀) ရက်နေ့တွင် ထိုင်းနိုင်ငံသို့ ပြန်လာမည်

ဝန်ကြီးချုပ်ဟောင်း သက်ဆင် ဩဂုတ်လ (၁၀) ရက်နေ့တွင် ထိုင်းနိုင်ငံသို့ ပြန်လာမည်
ဇူလိုင် 26, 2023 | နိုင်ငံတကာသတင်း
By Mr John

 ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာ ဩဂုတ်လ (၁၀) ရက်နေ့တွင် ထိုင်းနိုင်ငံသို့ ပြန်လာတော့မည်ဖြစ်ပြီး  ဒွန်မောင်းလေဆိပ်သို့ ရောက်ရှိလာမည်ဟု သမီးဖြစ်သူ ပက်သွန်တန် ရှင်နာဝပ်ထရာက ၂၀၂၃ခုနှစ် ဇူလိုင်လ (၂၅) ရက်နေ့၌ သူမ၏ Instagram အကောင့်တွင် ရေးသားထားသည်။ 

"ကျွန်မ အခု စာရိုက်နေတာတွေကို မယုံနိုင်ဘူး။ ကျွန်မရဲ့ အဖေ ဩဂုတ်လ (၁၀) ရက်နေ့မှာ ပြန်လာမှာဖြစ်ပြီး ဒွန်မောင်းလေဆိပ်ကိုရောက်မယ်။ ကျွန်မတို့မိသားစု ဝမ်းလည်းသာတယ် စိတ်လည်းပူတယ်။ ဒါပေမဲ့ ကျွန်မတို့အဖေရဲ့ ဆုံးဖြတ်ချက်တွေကို ကျွန်မတို့ အမြဲ လေးစားပါတယ်" ဟု ပက်သွန်တန်က ရေးသားထားခြင်း ဖြစ်သည်။ 

ဝန်ကြီးချုပ်ဟောင်း သက်ဆင်က ထိုင်းသို့ပြန်လာမည့် ၎င်း၏ အစီအစဉ်ကို ၂၀၂၂ ခုနှစ် အစောပိုင်းကတည်က ထုတ်ဖော်ပြောထားကြောင်းလည်း ပက်သွန်တန်က ဆိုသည်။ 

 လွန်ခဲ့သော ၂၀၀၆ ခုနှစ် စက်တင်ဘာလ (၁၉) ရက်နေ့က စစ်တပ်က အာဏာသိမ်းပြီး  ဖြုတ်ချခံရပြီးနောက် သက်ဆင်က ပြည်ပတွင် နေထိုင်ခဲ့ပြီး ထိုင်းနိုင်ငံသို့  ၂၀၀၈ ခုနှစ်အတွင်း ခေတ္တမျှသာ ပြန်လာခဲ့ဖူးသည်။ 

စစ်တပ်အာဏာသိမ်းပြီးနောက် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို လူကို ဖမ်းမမိသော်လည်း ထိုင်းနိုင်ငံ တရားရုံးချုပ်၏ နိုင်ငံရေးရာထူးများ ရယူထားသူများဆိုင်ရာ ရာဇဝတ်မှုဌာနခွဲက အမှု (၄) မှုဖြင့် စုစုပေါင်း ထောင်ဒဏ် (၁၂) နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။ 

သက်ဆင် ထိုင်းနိုင်ငံသို့ ပြန်မ‌‌ရောက်မီ အဆိုပါ ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့် ရရှိတော့မည်လားဆိုသည့် မေးခွန်းလည်းရှိနေသလို ဖမ်းခံရနိုင်ခြေ ရှိမရှိလည်း စိတ်ဝင်စားမှုများ ရှိနေကြသည်။

 

Source: Bangkok Post