အာဆီယံအထူးကိုယ်စားလှယ်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပြုရန် ကမ္ဘောဒီးယားဝန်ကြီးချုပ်က စစ်အုပ်စုခေါင်းဆောင်ကို တိုက်တွန်း

အာဆီယံအထူးကိုယ်စားလှယ်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပြုရန် ကမ္ဘောဒီးယားဝန်ကြီးချုပ်က စစ်အုပ်စုခေါင်းဆောင်ကို တိုက်တွန်း
By Mr John

 ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အာဆီယံအထူးကိုယ်စားလှယ်ကို တွေ့ဆုံခွင့်ပြုရန် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်ဆန်က မြန်မာစစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တိုက်တွန်းလိုက်ကြောင်း သိရသည်။

ယခုတိုက်တွန်းပြောဆိုမှုမှာ မြန်မာစစ်ခေါင်းဆောင်အနေဖြင့် ဒေသတွင်းငြိမ်းချမ်းရေးလုပ်ငန်းစဥ်အတွက် ကတိကဝတ်ကို လက်တွေ့ပြသရန် ဟွန်ဆန်၏ အပြင်းထန်ဆုံး တောင်းဆိုချက်လည်းဖြစ်လာသည်။



အာဆီယံအလှည့်ကျ ဥက္ကဌအဖြစ် ဆောင်ရွက်နေသည့် ဟွန်ဆန်က မေလ (၂) ရက်တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံမှုအတွင်း အာဆီယံအထူးကိုယ်စားလှယ် အနေဖြင့် မြန်မာ့နိုင်ငံရေးတွင် သက်ဆိုင်သူများအားလုံးနှင့် တွေ့ဆုံရန်မှာ အရေးကြီးကြောင်း ပြောခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရထံမှ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အာဏာသိမ်းမှု နောက်ပိုင်း ကသောင်းကနင်း အခြေအနေများ ဖြစ်ပေါ်နေသည်။



မြန်မာနှင့်ပတ်သက်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဥ် အကောင်အထည်ဖော်နိုင်ရန် အာဆီယံ ဘုံသဘောတူညီချက်ငါးချက်ကို သဘောတူသတ်မှတ်ထားပြီး ကုလသမဂ္ဂနှင့် အဓိက အင်အားကြီးနိုင်ငံများကလည်း ထောက်ခံထားကြသည်။

သို့သော် စစ်တပ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်အုပ်စုက အာဆီယံဘုံသဘောတူညီချက် ကတိကဝတ်များအတိုင်း အကောင်အထည်ဖော်ခြင်းမရှိဘဲ တိုးတက်မရှိဖြစ်နေသည့် အခြေအနေအပေါ် ဒေသတွင်းခေါင်းဆောင်များက စိတ်ပျက်နေကြသည်။

"အားလုံးပါဝင်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုတစ်ခုစတင်ဖို့ အထူးကိုယ်စားလှယ်အနေနဲ့ မြန်မာနိုင်ငံမှာ သက်ဆိုင်သူများအားလုံးနဲ့ တွေ့ဆုံခွင့်ရဖို့ အရေးကြီးကြောင်းကို သူက ထပ်ပြီး အလေးအနက်ပြောခဲ့ပါတယ်" ဟု ဝန်ကြီးချုပ်ဟွန်ဆန်၏ အွန်လိုင်းမှတစ်ဆင့် ဆက်သွယ်ပြောကြားမှုနှင့်ပတ်သက်ပြီး ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။



ထိုပြောဆိုမှုအပေါ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က "အခြား သက်ဆိုင်သူများနှင့် တွေ့ဆုံမှုများ အဆင်ပြေစေရန် ကတိပြုခဲ့သည်" ဟု တုံ့ပြန်ခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။

မြန်မာအာဏာပိုင်တွေက လူသားချင်းစာနာထောက်ထားမှု အကူအညီများ ဖြန့်ဝေးပေရာတွင် ကူညီဆောင်ရွက်ပေးနေသည်ဟု ဆိုသည်။

မြန်မာစစ်အုပ်စု၏ ပြောခွင့်ရပုဂ္ဂိုလ်က ယခုသတင်းနှင့်ပတ်သက်ပြီး မှတ်ချက်ပေးခြင်းမရှိသေးကြောင်း Reuters သတင်းက ဖော်ပြသည်။



အာဆီယံအဖွဲ့ကက မြန်မာစစ်အုပ်စုခေါင်းဆောင်ကို အမေရိကန်နှင့် လာမည့် ထိပ်သီးအစည်းအဝေး အပါအဝင် အဓိက အစည်းအဝေးများတွင် တက်ရောက်ခွင့်ပိတ်ပင်ထားသည်။

စစ်တပ်က တိုက်ခိုက်မှုများ အဆုံးသတ်ပြီး ဆွေးနွေးမှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ခွင့်ပြုချိန်အထိ ထိုသို့ အစည်းအဝေးတက်ရောက်ခွင့် ပိတ်ပင်ထားမည်ဟု ဆိုသည်။

မြန်မာစစ်အုပ်စုကတော့ အာဆီယံဘုံသဘောတူညီချက်များကို အကောင်အထည်ဖော်ရန် ကတိကဝတ်ပြုကြောင်း၊ သို့သော် လုံခြုံရေးကိုဆောင်ရွက်ရန် တာဝန်ရှိကြောင်း ပြောထားခဲ့သည်။



Source: Reuters