တောင်ကိုရီးယားနိုင်ငံက နိုင်ငံခြားသား ကျွမ်းကျင်လုပ်သား (၃၀၀၀၀)ကျော် ခေါ်မည်

တောင်ကိုရီးယားနိုင်ငံက နိုင်ငံခြားသား ကျွမ်းကျင်လုပ်သား (၃၀၀၀၀)ကျော် ခေါ်မည်
By Mr John

 တောင်ကိုရီးယား အစိုးရက လုပ်သားအင်အား လျော့နည်းကာ ဝန်ထမ်းပြတ်လပ်မှု ရင်ဆိုင်နေရသည့် ကုမ္ပဏီများကို ကူညီရန် ၂၀၂၃ ခုနှစ်တွင် နိုင်ငံခြားသား ကျွမ်းကျင်လုပ်သား (၃၀,၀၀၀) ကျော် တိုးမြှင့်ခေါ်ယူရန် ဗီဇာခွဲတမ်း သတ်မှတ်ထားကြောင်း တရားရေးဝန်ကြီးက ၂၀၂၃ခုနှစ် ဇွန်လ (၂၈)ရက်နေ့၌ ပြောကြားခဲ့ပြီး လွန်ခဲ့သည့် တစ်နှစ်တွင် (၂,၀၀၀) သာ ခေါ်ယူခဲ့ရာမှ (၁၅) ဆ တိုးလာခြင်းလည်း ဖြစ်သည်။



တောင်ကိုရီးယားလူငယ်များက ကော်လံပြာလုပ်သား အလုပ်အကိုင်များကို လုပ်ကိုင်ရန် စိတ်မပါကြရာ အာရှ၏ စတုတ္ထမြောက် စီးပွားရေးအင်အားအကြီးဆုံး နိုင်ငံအတွက် စက်ရုံအလုပ်ရုံနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် လစ်လပ်နေသည့် အလုပ်နေရာများကိုဖြည့်ရန် ရုန်းကန်နေရသည်။ 

"ကျွန်တော်တို့ အရေအတွက်ကို အဆ (၃၀) တစ်ခါတည်း တိုးချဲ့နေပါတယ်။ ခွဲတမ်း မလုံလောက်တာကြောင့် နိုင်ငံခြားသားတွေ လာလို့မရဘူး ဖြစ်နေတယ်" ဟု တရားရေးဝန်ကြီး Han Dong-hoon က အစိုးရအဖွဲ့ အစည်းအဝေးတွင် ပြောခဲ့ကြောင်း သမ္မတရုံးက ကိုးကားဖော်ပြသည်။

တောင်ကိုရီးယားက ၂၀၂၀ ခုနှစ်တွင် နိုင်ငံခြားသား ကျွမ်းကျင်လုပ်သား (၁,၀၀၀) ခန့်သာ ခေါ်ယူခဲ့ကြောင်းလည်း ဝန်ကြီးက ဆိုသည်။ 

တောင်ကိုရီးယား၏ E-7-4 ဗီဇာအစီအစဥ်အရ ၂၀၁၇ ခုနှစ်တွင် နိုင်ငံခြားသား ကျွမ်းကျင်လုပ်သား (၃၀၀) ခေါ်ယူခဲ့ရာမှ တဖြည်းဖြည်း တိုးလာခြင်းလည်း ဖြစ်သည်။

တောင်ကိုရီးယားက ကနဦးတွင် ၂၀၂၃ ခုနှစ်အတွက် E-7-4 ဗီဇာခေါ် နိုင်ငံခြားသား ကျွမ်းကျင်လုပ်သားများအတွက် ဗီဇာအရေအတွက်ကို (၅,၀၀၀) ဟု စီစဥ်ထားခဲ့ခြင်း ဖြစ်သည်။ 

ထို့အတူ လုပ်ငန်းများထံမှ တောင်းဆိုမှုများအရ နိုင်ငံခြားသား အလုပ်သမားများ ဗီဇာလျှောက်ထားရာတွင် လိုအပ်ချက်များကိုလည်း ဖြေလျှော့ပေးသွားမည်ဟု တရားရေးဝန်ကြီးဌာနက ဆိုသည်။

 

Source: Reuters