အင်ဒိုနီးရှားနိုင်ငံတွင် ငွေများတိုးပွားလာရန် စီရင်ဆောင်ရွက်ပေးမည်ဆိုသည့် နတ်ဆရာက လူ (၁၂) ဦးကို သတ်ဖြတ်ခဲ့

အင်ဒိုနီးရှားနိုင်ငံတွင် ငွေများတိုးပွားလာရန် စီရင်ဆောင်ရွက်ပေးမည်ဆိုသည့် နတ်ဆရာက လူ (၁၂) ဦးကို သတ်ဖြတ်ခဲ့
By Mr John

အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်းဂျာဗားပြည်နယ်တွင် ငွေများတိုးပွားလာရန် စီရင်ဆောင်ရွက်ပေးမည်ဟု ကတိပေးခဲ့သည့် နတ်ဆရာကို  အနည်းဆုံး လူ (၁၂) ဦးကို သတ်ဖြတ်မှုဖြင့် အသက် (၄၅) နှစ်အရွယ် နတ်ဆရာ Slamet Tohari ကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရသည်။ 

အလယ်ပိုင်းဂျာဗားပြည်နယ် Banjarnegara မြို့ရှိ နတ်ဆရာဆိုသူ၏ နေအိမ်အပြင်ဘက် ခြံဝင်းအတွင်းနှင့် အနီးတဝိုက်တွင် မြှုပ်နှံထားသော အသတ်ခံသူများ၏ ရုပ်အလောင်းအကြွင်းအကျန်များကို ပြီးခဲ့သည့် သီတင်းပတ်အတွင်း ရဲတပ်ဖွဲ့က တူးဖော်စစ်ဆေးခဲ့သည်။

နတ်ဆရာ Slamet နောက်ဆုံးသတ်ခဲ့သူ အနောက်ဂျာဗားပြည်နယ်မှ အသက် (၅၃) နှစ်အရွယ် Paryanto အမည်ရှိ အမျိုးသား၏ မိသားစုက ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ပြီးနောက် ၎င်းကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ 

Paryanto က နတ်ဆရာ Slamet ကို ၎င်း၏ငွေများကို တိုးပွားစေရန် အစီအရင်လုပ်ခိုင်းခဲ့သည်ဟု Banjarnegara မြို့ ရဲတပ်ဖွဲ့ အကြီးအကဲ Adj Sr Comr Hendri Yulianto က ပြောသည်။ 

"နတ်ဆရာက သူ့ကိုယ်သူ အသတ်ခံရသူရဲ့ အင်ဒိုနီးရှား ရူပီယာငွေ သန်း (၇၀) ကို (၅) ဘီလီယံဖြစ်အောင် စီရင်လုပ်ဆောင်ပေးနိုင်တဲ့ နတ်ဆရာဖြစ်တယ်လို့ ပြောခဲ့တယ်" ဟု ရဲအရာရှိ Hendri က ထိုအမှုနှင့် ပတ်သက်သည့် ဧပြီလ (၃) ရက်နေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

Paryanto က နတ်ဆရာဆိုသူထံ ၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်း လာရောက်ခဲ့ပြီး စုစုပေါင်း ရူပီယာ သန်း (၇၀) ပေးအပ်ခဲ့ကြောင်း သိရသည်။ 

သို့သော် လနှင့်ချီကြာ စောင့်ဆိုင်းနေခဲ့သော်လည်း ငွေများတိုးပွားမလာခဲ့၍  Paryanto က နတ်ဆရာ Slamet ထံမှ ၎င်း၏ငွေများကို ပြန်တောင်းခဲ့ရာ နတ်ဆရာ Slamet က ငွေများပြန်ပေးမည်ဖြစ်ပြီး Banjarnegara မြို့ရှိ နေရာတစ်ခုသို့ မတ်လ (၂၃) ရက်နေ့တွင် လာရောက်ရန် ချိန်းဆိုခဲ့သည်။

Slamet နှင့် တွေ့ဆုံပြီးပြီးချင်းပင် Paryanto က ၎င်း၏မိသားစုထံ ဖုန်းမက်ဆေ့ချ်ပေးပို့ခဲ့သည်ဟု ဆိုသည်။ 

ထိုမက်ဆေ့ချ်တွင် နတ်ဆရာ Slamet ၏ နေအိမ်လိပ်စာကို ပေးထားပြီး အကယ်၍ (၃) ရက်အတွင်း ၎င်းထံမှ အကြောင်းတစ်စုံတရာ မကြားသိရပါက နတ်ဆရာ၏ နေအိမ်သို့ ရဲတပ်ဖွဲ့နှင့်အတူ လာရောက်ကြရန် ပြောထားသည်။

မတ်လ (၂၇) ရက်နေ့တွင် Paryanto ၏ မိသားစုက နယ်မြေခံ ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ပြီး နတ်ဆရာ၏ နေအိမ်သို့သွားရောက်ခဲ့ရာ Paryanto မှာ သေဆုံးနေပြီဖြစ်ကာ ၎င်း၏အလောင်းကို Wanayasa တောအုပ်သို့ ဦးတည်သည့် လူသွားလမ်းတစ်ခုအနီးတွင် မြှုပ်နှံထားသည်ကို တွေ့ခဲ့ရသည်။ 

ထို့နောက် နတ်ဆရာဆိုသူ Slamet ကို စစ်ဆေးမေးမြန်းခဲ့ရာ Paryanto နှင့် အခြား လူများကို ပိုတက်ဆီယမ်ဆိုင်ယာနိုက် (pottasium cyanide) အဆိပ်ခတ်ထားသည့် သောက်စရာများ တိုက်ခဲ့ပြီး သတ်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။

နတ်ဆရာ Slamet ကို စစ်ဆေးမေးမြန်းပြီးနောက် ၎င်းသတ်ခဲ့သည့် အမျိုးသား (၆) ဦးနှင့် အမျိုးသမီး (၅) ဦး၏ ရုပ်အလောင်းအကြွင်းအကျန်များကိုလည်း တူးဖော်တွေ့ရှိခဲ့သည်။ 

Slamet ၏ ထွက်ဆိုချက်အရ ၎င်းထံလာရောက်ခဲ့သည့် အသတ်ခံရသူများမှာ ဂျကာတာမြို့၊ တောင်ပိုင်းဆူမာတြားပြည်နယ် Palembang မြို့နှင့် အနောက်ဂျာဗားပြည်နယ် Tasikmalaya မြို့တို့မှဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သည့်တစ်နှစ်တွင် နတ်ဆရာ Slamet က အခြားလူတစ်ဦး၏ အကူအညီဖြင့် ငွေများပွားပေးနိုင်ကြောင်း ကြော်ငြာများကို Facebook တွင် ပထမဆုံး တင်ခဲ့ကြောင်း Banjarnegara ရဲတပ်ဖွဲ့အကြီးအကဲ Hendri က ပြောသည်။ 

Slamet ကို Facebook ကြော်ငြာအတွက် ကူညီပေးသူမှာ DS ဟု အမည်ပေးထားသူဖြစ်ပြီး ၎င်းကိုလည်း သံသယရှိသူအဖြစ် ရဲတပ်ဖွဲ့က သတ်မှတ်ထားသည်။

နောက်ဆုံးအသတ်ခံရသူ Paryanto မှာ ထို Facebook ကြော်ငြာကို တွေ့ရှိခဲ့ပြီးနောက် နတ်ဆရာ Slamet နှင့် တွေ့ဆုံရန် စိတ်ဝင်စားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ 

ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည့် Slamet ကို ကြိုတင်ကြံစည် လူသတ်မှုဖြင့် စွဲချက်တင်ထားပြီး ထိုအမှုမှာ အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် သေဒဏ် သို့မဟုတ် ထောင်ဒဏ်တစ်သက် ကျခံရနိုင်ကြောင်း သိရသည်။

 Source: The Star