အနာဂတ်တွင် ပြန်လည်ရှင်သန်မည့် မျှော်လင့်ချက်ဖြင့် ကွယ်လွန်သူ၏ ခန္ဓာကိုယ်ကို  အေးခဲထိန်းသိမ်းထားနိုင်သည့် ဝန်ဆောင်မှု

အနာဂတ်တွင် ပြန်လည်ရှင်သန်မည့် မျှော်လင့်ချက်ဖြင့် ကွယ်လွန်သူ၏ ခန္ဓာကိုယ်ကို  အေးခဲထိန်းသိမ်းထားနိုင်သည့် ဝန်ဆောင်မှု
အောက်တိုဘာ 13, 2022 | နိုင်ငံတကာသတင်း
By Mr John

အမေရိကန်နိုင်ငံ အာရီဇိုးနားပြည်နယ် Scottsdale မြို့တွင် အနာဂတ်၌ ပြန်လည်ရှင်သန်မည့် မျှော်လင့်ချက်ဖြင့် ကွယ်လွန်သူ၏ ခန္ဓာကိုယ်ကို မိသားစု သို့မဟုတ် ဆွေမျိုးသားချင်းများ၏ ဆန္ဒအရ ရေခဲမှတ်အောက် အပူချိန်ဖြင့် မပျက်မယွင်းဘဲ ရှိနေစေရန် အေးခဲထိန်းသိမ်းပေးသည့် အဖွဲ့အစည်းတစ်ခုရှိသည်။ 

Alcor Life Extension Foundation အဖွဲ့အစည်းသည် နိုက်ထရိုဂျင်အရည်ဖြည့်ထားသော ကန်များထဲတွင် ကွယ်လွန်သွားပြီဖြစ်သည့် လူသား (၁၉၉) ဦး၏ ခန္ဓာကိုယ်နှင့် ဦးခေါင်းများကို ထိန်းသိမ်းပေးထားသည်။

ထိုအဖွဲ့အစည်း၏ အဆိုအရ ၎င်းတို့ထံတွင် မိသားစု သို့မဟုတ် ဆွေမျိုးသားချင်းများက ခန္ဓာကိုယ် လာရောက်အပ်နှံ ထိန်းသိမ်းထားစေသည့် လူနာအများအပြားမှာ ကင်ဆာရောဂါ၊ ALS ခေါ် ရှားပါးသော ဦးနှောက်အာရုံကြောရောဂါ သို့မဟုတ် ယခုအချိန်အထိ ကုသဆေးမရှိသော အခြားရောဂါများ ခံစားခဲ့ရသူများဖြစ်ကြောင်း သိရသည်။

ထိုင်းမိသားစု



 

ခန္ဓာကိုယ်ကို မပျက်မယွင်းဘဲရှိနေစေရန် အေးခဲထိန်းသိမ်းပေးထားသည့် ကွယ်လွန်သူများအနက် ထိုင်းနိုင်ငံမှ ဦးနှောက်ကင်ဆာရောဂါသည် မိန်းကလေးငယ် Matheryn Naovaratpong မှာ အသက်အငယ်ဆုံးဖြစ်ပြီး သူမ၏ အသက် (၂) နှစ်အရွယ် ၂၀၁၅ ခုနှစ်တွင် မိဘများက ခန္ဓာကိုယ်ကို လာရောက်အပ်နှံခဲ့သည်ဟု ဆိုသည်။ 

"သူမရဲ့ မိဘနှစ်ယောက်လုံးက ဆရာဝန်တွေပါပဲ။ သူမက ဦးနှောက်ခွဲစိတ်မှုတွေ တစ်ကြိမ်မက လုပ်ခဲ့ရပြီး ကံမကောင်းစွာနဲ့ အလုပ် မဖြစ်ခဲ့ပါဘူး။ ဒါကြောင့် မိဘတွေက ကျွန်တော်တို့ကို ဆက်သွယ်လာခဲ့တယ်" ဟု Alcor ၏ အမှုဆောင်အရာရှိချုပ် Max More က ပြောသည်။

Alcor မှာ အကျိုးအမြတ်မယူသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး cryonics ခေါ် ကွယ်လွန်သူများ၏ ခန္ဓာကိုယ်ကို အနာဂတ်တွင် ပြန်လည်ရှင်သန်မည့် မျှော်လင့်ချက်ဖြင့် ထိန်းသိမ်းထားလိုသူများအတွက် ဝန်ဆောင်မှုပေးသည့် လုပ်ငန်းတွင် ဦးဆောင်သူဖြစ်လာမည်ဟု ဆိုသည်။

 Bitcoin ဒစ်ဂျစ်တယ်ငွေကြေးကို စွန့်ဦးတီထွင်သူ Hal Finney မှာလည်း Alcor လူနာတစ်ဦးဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် ALS ရောဂါဖြင့် ကွယ်လွန်ခဲ့ပြီးနောက် ၎င်း၏ ခန္ဓာကိုယ်ကို Alcor တွင် မပျက်မယွင်းဘဲ အေးခဲထိန်းသိမ်းထားသည်။

Alcor ၏ ခန္ဓာကိုယ်ကို အေးခဲထိန်းသိမ်းပေးသော လုပ်ငန်းစဥ်မှာ လူပုဂ္ဂိုလ်တစ်ဦး ကွယ်လွန်သွားပြီဟု တရားဝင် အတည်ပြုပြီးနောက် စတင်ကြောင်း သိရသည်။ 

သရုပ်ပြပုံ

ကွယ်လွန်သွားသည့် လူနာ၏ ခန္ဓာကိုယ်တွင်းမှ သွေးနှင့် အခြား အရည်များကို ဖယ်ထုတ်ပစ်ပြီး လိုအပ်သည့် ဓာတုဗေဒပစ္စည်းများ အစားထိုးထည့်သွင်းပေးသည်။ 

ထို့နောက် အာရီဇိုးနားရှိ Alcor အဆောက်အအုံတွင် အလွန်းအေးခဲသော အပူချိန်ဖြင့် နိုက်ထရိုဂျင်ကန်များထဲတွင် ခန္ဓာကိုယ်ကို ထိန်းသိမ်းထားရှိသည်ဟု ဆိုသည်။

ကွယ်လွန်သူတစ်ဦး၏ ခန္ဓာကိုယ်ကို ထိန်းသိမ်းပေးရန် အနိမ့်ဆုံး ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ (၂)သိန်းဖြစ်ပြီး  ဦးနှောက်တစ်ခုတည်းကိုသာ ထိန်းသိမ်းထားလိုပါက   ဒေါ်လာ (၈)သောင်းသတ်မှတ်ထားခြင်းဖြစ်ကြောင်း သိရသည်။

ပုံအညွှန်း - လူ့ ခန္ဓာကိုယ် ထည့်ထားသည့် စက်များ

Source: Reuters

Photo: Alcor