တိုင်ပေတွင် တရုတ်က တိုက်ခိုက်ခဲ့ကြောင်း သတင်းမှားဖော်ပြခဲ့မှုအတွက် ထိုင်ဝမ် ရုပ်သံသတင်းဌာန တောင်းပန်

တိုင်ပေတွင် တရုတ်က တိုက်ခိုက်ခဲ့ကြောင်း သတင်းမှားဖော်ပြခဲ့မှုအတွက် ထိုင်ဝမ် ရုပ်သံသတင်းဌာန တောင်းပန်
By Mr John

ထိုင်ဝမ်အစိုးရ ကျောထောက်နောက်ခံပြု ရုပ်မြင်သံကြားသတင်းဌာနတစ်ခုက တိုင်ပေတွင် တရုတ်က တိုက်ခိုက်ခဲ့ကြောင်း သတင်းမှားဖော်ပြခဲ့ပြီးနောက် အများပြည်သူကို တောင်းပန်ခဲ့ပြီး စိုးရိမ်ကြောက်လန့်မှု မဖြစ်ကြရန် ဧပြီ (၂၀) ရက်နေ့တွင် ပြောသည်။

တရုတ်နှင့် စစ်ရေးတင်းမာမှုများ မြှင့်တက်နေစဥ် ထိုင်ဝမ်အစိုးရသတင်းဌာနက ထိုသို့ သတင်းမှား ထုတ်လွှင့်ခဲ့တာလည်း ဖြစ်သည်။

ထိုင်ဝမ်သတင်းဌာန Chinese Television System(CTS) က ဧပြီ (၂၀) ရက် နံနက်ပိုင်း သတင်းများ တိုက်ရိုက်ထုတ်လွှင့်နေစဥ် ရုပ်သံမြင်ကွင်းအောက်ခြေတွင် တိုင်ပေမြို့အနီး စစ်သင်္ဘောများနှင့် အ‌‌ရေးပါသည့် အခြေခံ အဆောက်အအုံများကို တရုတ်ဒုံးကျည်များ ထိမှန်ခဲ့ကြောင်း သတိပေးစာတန်းထိုးပြီး သတင်းဖော်ပြခဲ့သည်ဟု ဆိုသည်။

အဆိုပါ သတင်းမှားဖော်ပြချက်တွင် စစ်ပွဲဖြစ်နိုင်ကြောင်း၊ တိုင်ပေမြို့ရှိ အဓိက ရထားဘူတာရုံကို တရုတ်အေးဂျင့်တွေက မီးရှို့ခဲ့ကြောင်းနှင့် ထိုင်ဝမ်သမ္မတက အရေးပေါ်အခြေအနေ ကြေညာလိုက်ကြောင်း ပါဝင်ခဲ့သည်။

ထို့နောက် Chinese Television System ၏ နံနက် ၁၀ နာရီ သတင်းအစီအစဥ်တွင် အများပြည်သူ စိုးရိမ်ကြောက်လန့်မှု မဖြစ်ကြရန်နှင့် သတင်းမှား ဖော်ပြခဲ့မှုအတွက် တောင်းပန်ကြောင်း သတင်းတင်ဆက်သူက ပြောခဲ့သည်။

အဆိုပါ သတိပေးစာတန်းထိုး သတင်းဖော်ပြမှုသည် ဧပြီ (၁၉) ရက်တွင် New Taipei City မီးသတ်ဌာန လေ့ကျင့်ရေးအစီအစဥ်အတွက်ဖြစ်ကြောင်းနှင့် နည်းပညာဆိုင်ရာ ချို့ယွင်းချက်ကြောင်း ဧပြီ (၂၀) ရက် နံနက်ပိုင်းတွင် မှားယွင်းဖော်ပြခဲ့မိခြင်းဖြစ်ကြောင်း သတင်းတင်ဆက်သူက ရှင်းပြခဲ့သည်။

Chinese Television System က တရုတ်တိုက်ခိုက်မှုသတင်းကို မှားယွင်းဖော်ပြခဲ့ပြီးနောက် တိုင်ပေတွင် စိုးရိမ်ကြောက်လန့်နေသည့် လက္ခဏာများ မရှိခဲ့ဟု ဆိုသည်။

တရုတ်က ၎င်း၏ ထိန်းချုပ်မှုအောက်သို့ ထိုင်ဝမ် ပြန်ရောက်စေရန် စစ်အင်အားသုံးသည့် ရွေးချယ်မှုကို ပယ်ချထားခဲ့ခြင်း မရှိကြောင်းလည်း သိရသည်။

ထိုင်ဝမ်သည် ၎င်း၏ အစိတ်အပိုင်းဖြစ်ကြောင်း ပြောဆိုမှုကို လက်ခံစေရန် ဖိအားပေးမှုအဖြစ် လွန်ခဲ့သည့် နှစ်နှစ်အတွင်း တရုတ်က ထိုင်ဝမ်ကျွန်းအနီး စစ်ရေးလှုပ်ရှားမှုများ အရှိန်မြှင့် လုပ်ဆောင်နေခဲ့သည်။

ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့ပြီးနောက်ပိုင်း တရုတ်ကလည်း အလားတူ လုပ်ဆောင်နိုင်မှုအပေါ် စိုးရိမ်တာကြောင့် ထိုင်ဝမ်က သတိပေးချက်အဆင့်ကို မြှင့်တင်ထားခဲ့သော်လည်း လက်ရှိအချိန်အထိ တရုတ်၏ တိုက်ခိုက်မှုတစ်ခု ဖြစ်တော့မည့် အရိပ်လက္ခဏာ မရှိသေးကြောင်း ထိုင်ဝမ်အစိုးရက ပြောထားသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်းမှာတော့ ထိုင်ဝမ်စစ်တပ်က မြို့ပြခုခံကာကွယ်မှုအတွက် လက်စွဲစာအုပ်တစ်အုပ် ပထမဆုံးအကြိမ် ထုတ်ဝေခဲ့ပြီး အများပြည်သူကို စစ်ပွဲအတွင်း ရှင်သန်နေထိုင်ရန် လမ်းညွှန်ချက်များ ဖော်ပြထားကြောင်း သိရသည်။



Source: Reuters